မလေးရှားနိုင်ငံခြားသားထိန်းသိမ်းရေးစခန်းတွေက ပြန်ခေါ်လာသူတွေကို တင်ဆောင်လာ တဲ့ သင်္ဘောတွေ ရန်ကုန် သီလဝါဆိပ်ကမ်းကို ဖေဖော်ဝါရီ ၂၇ ရက်က ရောက်ရှိလာပြီဖြစ်ပါတယ်။
မလေးရှား ထိန်းသိမ်းရေးစခန်း ၁၃ ခုကနေ လွတ်ရက်စေ့အကျဉ်းသား ၁၁၀ဝ ခန့်ကို မြန်မာအာဏာသိမ်းစစ်အစိုးရနဲ့ မလေးရှားအစိုးရ အစီအစဉ်တွေအရ ဖေဖော်ဝါရီ ၂၃ ရက်နေ့က မြန်မာပိုင် မုတ္တမသင်္ဘော၊ ဆင်ဖြူရှင်သင်္ဘော၊ သန်လျင်သင်္ဘော ၃ စီးနဲ့ မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်ခဲ့တာပါ။
ဒီသင်္ဘောပေါ်မှာပါဝင်လာသူတွေဟာ မလေးရှားနိုင်ငံတွင်း တရားမ၀င်ဝင်ရောက်မှုတွေနဲ့ ဖမ်းဆီးပြစ်ဒဏ်တွေ ချမှတ်ခံရပြီးတဲ့နောက် မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်း ၁၃ မှာ ထိန်းသိမ်းခံထားရပြီး ပြန်ခွင့်ရရှိဖို့ ထိန်းသိမ်းရေးစခန်းတွေမှာ အချိန်၁နှစ်ထက် မနည်း စောင့်ဆိုင်းနေရသူတွေပါ။
အများစုက မလေးရှားနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး တရားမ၀င် ရွှေ့ပြောင်း လုပ်ကိုင်မူတွေနဲ့ဖမ်းဆီးခံထားရသူတွေလို့ မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမှုကူညီရေး အသင်းတွေက ပြောပါတယ်။