ရှမ်းပြည်နယ်မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့ရှိ ဟိုတယ် ၄ ခုမှာ မိုင်းထောင်ထားကြောင်း ဒီနေ့မနက်ပိုင်းက ဖုန်းနံပါတ်တူ ဆက်သွယ်အကြောင်းကြားလာတာကြောင့် ရဲတပ်ဖွဲ့နဲ့ တပ်မတော်က ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
တောင်ကြီးမြို့ရှိ UCT ဟိုတယ်၊ Hotel Grace၊ ချယ်ရီကွင်း ဟိုတယ်နဲ့ ရတနာနန်းတော်ဟိုတယ်တွေကို ၀၉၉၅၁၉၂၂၄၄၃ ဖုန်းနံပါတ် တစ်လုံးတည်းနဲ့ ဆက်သွယ်အကြောင်းကြားလာခဲ့တာလို့ UCT Taunggyi ဟိုတယ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
UCT ဟိုတယ်မှာ လာရောက်ရှာဖွေရာမှာ နှစ်ရက်လောက်ရှိပြီဖြစ်တဲ့ ပြင်ပမှ ဧည့်သည်အတွက် ပေးပို့ထားတဲ့ ပါဆယ်ပုံးတစ်ပုံးကိုသာ တွေ့ရှိခဲ့ပြီး ရိုးရာ လက်ဖက်ခြောက်နဲ့ ဒေသထွက်လက်ဆောင် ပစ္စည်းတွေသာ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျန်ဟိုတယ်တွေကိုလည်း ရှာဖွေမှု ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။