ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်အာဏာရှင်စနစ် ဆန်ကျင့်တဲ့ သပိတ်စစ်ကြောင်းစုရပ် ဖြစ်တဲ့ နာရီစင်အနီး လမ်းဆုံတွေမှာ လူစုလူဝေး မပြုလုပ်နိုင်အောင် လုံခြုံရေးအင်အားသုံးပြီး လမ်းပိတ်ဆို့ထားတဲ့အတွက် ဆန္ဒပြပွဲပျက်ခဲ့ရပါတယ်။
နာရီစင်အနီးမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သား အင်အား ၁၀၀ လောက် လုံခြုံရေးယူထားပြီး ဗိုလ်ချုပ်လမ်း၊ သစ္စာလမ်း၊ ဘုရားလမ်း၊ မင်းတန်းလမ်း၊ မဲဘောင်ကျောင်းလမ်းတွေမှာ ဆန္ဒပြသူတွေ လူစုလူဝေးမဖြစ်အောင် လမ်းဆုံနေရာတွေမှာ ယာဥ်တွေကို ကန့်လန့်ခံပိတ်ဆို့ နေရာယူထားတာပါ။
G-Z ဆန္ဒပြလူငယ်တစ်ဦးက “သူတို့က အဓမ္မဘက်က လူတွေဖြစ်တဲ့အတွက် နည်းမျိုးစုံ ယုတ်မာမှာ။ ဒါကြောင့် ထိပ်တိုက်တွေ့စရာ မလိုဘူး။ လက်နက်အားကိုးတဲ့သူတွေကို ရှုတ်ချသွားမယ်။ ကျနော်တို့က ငြိမ်းချမ်းတဲ့ လက်နက်နဲ့ တိုက်ခိုက်မယ်” လို့ ပြောပါတယ်။
လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ဆို့ထားတဲ့လမ်းတွေဟာ အများပြည်သူ အဓိကသွားလာတဲ့လမ်းတွေ ဖြစ်သလို မြို့မစျေးကြီးအနီး ဖြစ်တဲ့အတွက် စျေးသွားစျေးလာတဲ့ ယာဥ်တွေဟာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့ရသလို့ မြို့ဝင်ဂိတ်တွေမှာ ဝင်ရောက်လာသူတွေကိုလည်း ဆေးစစ်မေးမြန်းတာတွေ ရှိပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့က အင်အားသိန်းချီတဲ့ သပိတ်စစ်ကြောင်းနောက်ကနေ လုံခြုံရေးယာဥ်တန်းက လူစုခွဲဖို့ လိုက်လံသတိပေး နှိုးဆော်တာတွေ ရှိခဲ့ပေမယ့် သပိတ်စစ်ကြောင်းဟာ ပြီးဆုံးတဲ့အထိ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ရဲမင်းခေါင်