စစ်ကိုင်း ခုတင် ၂၀၀ ဆေးရုံကို မြို့ခံပြည်သူတွေ လှူဒါန်းထားတဲ့ ဆေးပစ္စည်းတွေ သိမ်းဆည်းထားတဲ့အိမ်ကို ရဲနဲ့စစ်တပ်က ဝင်စီးပြီး ဆေးပစ္စည်းတွေ ယူဆောင်တာကို ဒေသခံတွေက ဝိုင်းဝန်းပိတ်ဆို့ ဟန့်တားခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်၊ နန်းတော်ရာရပ် တာရိုးကြီးလမ်းအနီးရှိ ဇာနည်ဆေးတိုက် နေအိမ်ကို ရဲနဲ့ စစ်တပ်ကနေ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၁၀ နာရီလောက်က ဝင်စီးပြီး ဆေးပစ္စည်းတွေကို လာရောက်သိမ်းဆည်းခဲ့တာကြောင့် မြို့ခံပြည်သူတွေ သိရှိသွားပြီး ဟန့်တား ပိတ်ဆို့ခဲ့တာပါ။
မြို့ခံပြည်သူတွေက ဆေးပစ္စည်းတွေ တင်တဲ့ကားတွေကို ရပ်ကွက်ထဲက ထွက်မရအောင် မနက် ၁၀ နာရီကစတင်ပြီး နေ့လယ် ၂ နာရီအထိ လမ်းတွေကို သစ်ကိုင်းတွေနဲ့ ပိတ်ဆို့ကာ ဆန္ဒပြ ဟန့်တားခဲ့ကြပါတယ်။
“လူတွေတော့ အန္တရာယ်ဒုက္ခပေးတာ မရှိပါဘူး။ ဒေါ်ဖြူဖြူစစ်ကလည်း အိမ်မှာ မရှိတော့ ဖမ်းတာဆီးတာမရှိခဲ့ပါဘူး။ ရဲကား၊ စစ်ကား စုစုပေါင်း ၈ စီးလောက် ရှိမယ်ထင်တယ်။ ပါသွားတဲ့ပစ္စည်းတွေက အောက်စီဂျင်ဘူးတွေရယ် မက်စ်၊ ဟန်းဂျယ် PPE ဝတ်စုံတွေရယ်၊ နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူထားတဲ့ ဆေးပစ္စည်းတွေ ပါတယ်။ စုစုပေါင်း သေတ္တာ ၅၆ လုံးလောက်ရှိတယ်။ ကားနှစ်စီးတိုက်လောက် ရှိတယ်” လို့ အိမ်နီးနားချင်းဖြစ်သူ ဦးခင်မောင်စိုးက ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမိုးနိုင်က “ကျနော်တို့က ဒီဆေးပစ္စည်းတွေကို ဆေးရုံပြန်ဖွင့်တဲ့အခါကျရင် ဆေးရုံကို လွှဲပြောင်းပေးသွားမှာပါ။ အခုကလည်း ရှာဖွေဝရမ်းနဲ့ ဥပဒေနဲ့အညီ လာရောက်သိမ်းဆည်းခဲ့တာပါ” လို့ ပြောပါတယ်။
ရဲနိုင်ဆွေ