Home
မြန်မာသတင်း
ထားဝယ်ဆန္ဒပြစစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်း၊ ဆက်လက်ချီတက်ဆန္ဒပြ
DVB
·
February 27, 2021
155149732_3848938885183257_9128103360759922102_n
152806691_244100647256830_5921440332623390002_n
153213993_250818109872173_6783598244345719655_n
153722473_713581239316214_293593515395220_n
154039927_298304208296408_1327505784277992869_n
154347030_129552125667888_8602300506139264691_n

တနင်္သာရီတိုင်း ထားဝယ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့မနက် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီး မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့တယ်လို့ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူတဦးက ပြောပါတယ်။

ဒီနေ့မနက် ဆန္ဒပြဖို့ ဥတ္တတားကြီးမှာ လူစုဖို့ လုပ်ခဲ့ပေမယ့် ရဲအင်အား အလုံးအရင်းနဲ့ စောင့်ဆိုင်းနေတာကြောင့် ဗုမ္မော်ရပ်ကွက်မှာစုပြီး ကရပ်ပြင်ရပ်ကွက်ဘက် ချီတက်ဆန္ဒပြခဲ့ကြစဉ် ကရပ်ပြင်လမ်းဆုံအရောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့တာလို့ ဆိုပါတယ်။

“ရဲအင်အား ၄၀၊ ၅၀ လောက်ရှိမယ်။ ကျနော်တို့ စစ်ကြောင်း ကရင်ပြင်လမ်းဆုံ ရောက်တဲ့အချိန်မှာ သေနတ်ကျည်အစစ်နဲ့ မိုးပေါ်ထောင်ပစ်တာလည်း လုပ်တယ်၊ လူတွေကြားထဲတော့ ရာဘာကျည်တွေနဲ့ ပစ်တယ်။ ပြီးတော့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲတာ၊ လောလောဆယ် ထိခိုက်ဒဏ်ရာရသူတော့ မတွေ့ရသေးဘူး” လို့ ဆန္ဒပြပွဲ ဦးဆောင်သူတဦးက ပြောပါတယ်။

လောလောဆယ်မှာတော့ စစ်ကြောင်းတွေကို ပြန်စုပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။

မနေ့ညကလည်း ရဲတပ်ဖွဲ့က ထားဝယ်မြို့ပေါ်ရပ်ကွက်တွေမှာ လှည့်လည်ကာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး အများပြည်သူနဲ့ဆိုင်တဲ့လမ်းတွေမှာ လူ ၅ ယောက်ထက် ပိုမစုဖို့နဲ့ ပိုစုပါက အင်အားသုံးဖြိုခွင်းမယ်ဆိုပြီး အသံချဲ့စက်နဲ့ လိုက်လံသတိပေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ကျောင်းသား/ကျောင်းသူတွေ၊ ဆရာ/ဆရာမတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး နေ့စဉ် လူသိန်းချီဆန္ဒပြနေကြတာပါ။

ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်တချို့ကို လိုက်လံဖမ်းဆီးတာတွေ ရှိပေမယ့် ဒီနေ့အထိ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းကာကွယ်ပေးကြလို့ ဖမ်းဆီးခံရတာမျိုး မရှိသေးဘူးလို့ ဆန္ဒပြ တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်တဦးက ပြောပါတယ်။

သတင်း - ကိုရန်နိုင်(ထားဝယ်)၊ ဓာတ်ပုံ-ထူးမြတ်လွင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024