Home
ဆောင်းပါး
ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၏ ပြောကြားချက်
DVB
·
February 27, 2021

သဘာပတိကြီးခင်ဗျား

ကျွန်တော့်အနေနဲ့ ကုလသမဂ္ဂအထူးသံတမန် မစ္စစ်ခရစ္စတင်း ရှရေးနားဘာဂီနားကို ရှင်းလင်းပြတ်သားတဲ့ သူ့ရဲ့ပြောဆိုချက်အတွက်ရော မြန်မာပြည်အပေါ် အစဉ်တစိုက် အားပေးကူညီတဲ့အတွက်ရော အထူး ကျေးဇူးတင်ကြောင်းပြောပါရစေ။

ကျွန်တော်အနေနဲ့ ဦးစွာပထမ အခိုင်အမာပြောကြားချင်တာကတော့ ကျွန်တော်ဟာ မြန်မာပြည်သူများက ရွေးကောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဦးဆောင်တဲ့ အစိုးရကို ကိုယ်စားပြုတယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ( CRPH)ကို လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေဟာ မကြာခင်ကမှ ကျင်းပခဲ့တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ အ ထွေထွေရွေးကောက်ပွဲမှာ မြန်မာပြည်သူများက ဒီမိုကရေစီစနစ်နဲ့အညီ ရွေးကောက်တင်မြှောက် ခဲ့သူများ ဖြစ်ပါတယ်။ သဘာပတိကြီးခင်ဗျား ဒီအချက်တွေကြောင့် ကျွန်တော့်အနေနဲ့ CRPH ရဲ့ ပါးလိုက်တဲ့ သတင်းစကားများကို ဒီညီလာခံကြီးမှာ ပြောကြားရတာကို အထူးဂုဏ်ယူမိပါတယ်။

သဘာပတိကြီးခင်ဗျား

မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီစနစ်ဟာ အစပျိုးတဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ က ကျင်းပခဲ့တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ အထွေထွေရွေး ကောက်ပွဲကြီးဟာ ကျွန်တော်တို့သမိုင်းမှာ အလွန်အရေးပါတဲ့ မှတ်တိုင်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအထွေထွေရွေးကောက်ပွဲကြီးကို ပြည်သူတွေက ချမှတ်ပြဋ္ဌာန်းတာ  ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားများဟာ ဒီရွေးကောက်ပွဲကြီး အတွင်းမှာ ဆန္ဒမဲများထည့်ပေးခဲ့ခြင်းနည်းနဲ့ ဒီမိုကရေစီစနစ်ကို သူတို့ဘယ်လောက်အားသန်သလဲ၊ ဘယ်လောက်တပ်မက်သလဲဆိုတာကို ပြသခဲ့ပါတယ်။  ဒီမိုကရေစီတန်ဖိုးများ ဖွံ့ဖြိုးစည်ပင်နိုင်မယ့် အမျိုးသားနိုင်ငံတစ်ခုကို  တည်ဆောက်လိုတဲ့ သူတို့ရဲ့ စိတ်ဆန္ဒကို ထင်ထင်ရှားရှားပြသခဲ့ပါတယ်။ နိုင်ငံတည်ဆောက်ရေးမှာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့လူတိုင်း ပါဝင်ခွင့်ရမယ့် နိုင်ငံတစ်ခု တည်ဆောက်လိုတဲ့ သူတို့ဆန္ဒကို ပြသခဲ့ပြီလည်း ဖြစ်ပါတယ်။ 

အထွေထွေရွေးကောက်ပွဲကြီးအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်နဲ့ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ ဒီအချက်က   ဒီမိုကရေစီတန်ဖိုးများကို စံထားတဲ့၊ ငြိမ်းချမ်းသာယာတဲ့၊ စည်ပင်ဝပြောတဲ့ လူ့အဖွဲ့အစည်းတစ်ခုဆီ သွားရာခရီးစဉ်မှာ ဘယ်လိုအဟန့်အတားမျိုးကိုမဆို ကျော်လွှားဖို့အတွက် မြန်မာပြည်သူများအနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်မှာ စည်းလုံးခိုင်မာစွာ လိုက်ပါမယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနေပါတယ်။

သဘာပတိကြီးခင်ဗျား

တပ်မတော် (စစ်တပ်)ဟာ  မြန်မာပြည်သူများရဲ့ အလိုဆန္ဒကို လုံးဝလျစ်လျူရှုပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပါတယ်။ အဲဒီနေ့ဟာ လွှတ်တော်အသစ်ကို စတင်ကျင်းပမယ့် နေ့ ဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်၊ နိုင်ငံရေးခေါင်းဆောင်များနဲ့ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အဲ့ဒီက စပြီး လူတန်းစား အလွှာအသီးသီးက ပြည်သူများဟာ နိုင်ငံတစ်ဝန်းကလမ်းတွေပေါ်ထွက်ပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ 

ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ခံအစိုးရကတစ်ဆင့် ပြည်သူများထံကို နိုင်ငံတော်အာဏာပြန်လည်ပေးအပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ မြန်မာပြည်သူများဟာ သူတို့ရဲ့ တောင်းဆိုမှုများရရှိဖို့အတွက် လုံးဝသန္နိဋ္ဌာန်ချထားသူများဖြစ်ပါတယ်။ ယနေ့ခေတ်သစ်ကာလကြီးအတွင်းမှာ စစ်အာဏာသိမ်းခြင်းဆိုတာကို ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး၊ ဒါကြောင့် စစ်အာ ဏာသိမ်းခြင်းဟာ ရှုံးနိမ့်ရမှာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောသွားတဲ့စကားကို ကျွန်တော်လည်း လုံးဝသဘောတူပါတယ်။

စစ်အာဏာသိမ်းတာကို အဆုံးသတ်စေဖို့၊ မတရား ဖမ်းဆီးထားတဲ့သူတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ နိုင်ငံတော်အာဏာကို ပြည်သူထံ ပြန်လည်ပေးအပ်ဖို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ရရှိလာစေဖို့အတွက် မြန်မာပြည်သူများဟာ  စည်းလုံးညီညွတ်စွာနဲ့ မဆုတ်မနစ် တိုက်ပွဲဝင်နေကြပါတယ်။ စစ်အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး ယနေ့အထိ နောက်မဆုတ်စတမ်း ဆန့်ကျင်ဆန္ဒပြနေတာတွေက ဒီအချက်ကို အခိုင်အမာ သက်သေပြနေပါတယ်။

ကျွန်တော်တို့ မြန်မာပြည်သူပြည်သားများဟာ ယခင်အတိတ်ကာလက နေထိုင်ခဲ့ရတဲ့ စနစ်မျိုးဆီကို ပြန်မသွားချင်ဘူးဆိုတာလည်း အလွန်ထင်ရှားပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားကို ပြန်ပြောချင်ပါတယ်။  ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ရေးဆိုတဲ့ စာအုပ်ထဲမှာ ပြောခဲ့တာပါ။ 

“အခြေခံလူ့အခွင့်အရေးများကိုပင် ငြင်းပယ်ထားတဲ့စနစ်တစ်ခုအတွင်းမှာ ကြောက်ရွံ့ခြင်းဆိုတာက လူတိုင်းကျင့်သုံးရမယ့် ဓလေ့တစ်ခုဖြစ်နေလိမ့်မယ်” တဲ့။

သဘာပတိကြီးခင်ဗျား

ဒီလိုအရေးကြီးလှတဲ့အနေအထားမှာ နိုင်ငံတကာအသိုင်းအဝိုင်းထံက စဉ်ဆက်မပြတ် ထက်သန်လှတဲ့ အားပေးကူညီမှုတွေဟာ စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေရတဲ့ မြန်မာပြည်သူများအတွက် အလွန်တရာ အရေးပါလှပါတယ်။ မြန်မာပြည်သူများကို ထောက်ခံအားပေးခဲ့ကြတဲ့ နိုင်ငံအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ယခုလိုအခွင့်ရသခိုက်မှာ ပြောကြားချင်ပါတယ်။ မြန်မာနိုင်ငံကို ထောက်ခံအားပေးနေကြတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့တကွ ကုလသမဂ္ဂအထူးသံတမန်ကို‌ရော၊ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စား လှယ်ကိုရော ကျေးဇူးအထူးတင်ပါတယ်။

ဒါပေမဲ့လည်း မြန်မာပြည်သူများဟာ ယခုအချိန်အထိ ကူကယ်ရာမဲ့သလို ခံစားနေရဆဲဖြစ်ပါတယ်။ 

သဘာပတိကြီးနဲ့ တကွ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား 

စစ်အာဏာသိမ်းတာကို ချက်ချင်းအဆုံးသတ်ဖို့အတွက်၊ အပြစ်မရှိတဲ့ပြည်သူများအပေါ် ဖိနှိပ်နေတာတွေကို ရပ်တံ့ဖို့အတွက် ၊ နိုင်ငံတော်အာဏာကို ပြည်သူထံ ပြန်လည်ပေးအပ်ဖို့ အတွက်၊ ဒီမိုကရေစီ ပြန်လည်ရရှိစေဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ယခု ပေးနေ တဲ့ ထောက်ပံ့ကူညီမှုများအပြင် ပြင်းထန်နိုင်သမျှ အပြင်းထန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။ 

အဖွဲ့ဝင်နိုင်ငံများအားလုံးနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကို အောက်ပါအတိုင်း ကျွန်တော် အနူးအညွတ်မေတ္တာရပ်ခံပါတယ်။

၁) စစ်အာဏာသိမ်းမှုကို အပြင်းအထန်ရှုတ်ချတဲ့ ကြေညာချက်တွေ ထုတ်ပြန်ပေးရန်။

၂) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ စစ်အစိုးရကို လုံးဝအသိအမှတ်မပြုရန်။

၃) လွတ်လပ်ပြီးတရားမျှတတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရဲ့  ရလဒ်ကို လေးစားဖို့ စစ်အစိုးရကို တွန်းအားပေးရန်။

၄)နိုင်ငံတော်အာဏာကို ရွေးကောက်ခံအစိုးရမှတစ်ဆင့် ပြည်သူထံ ပြန်လည်ပေးအပ်တဲ့အချိန်အထိ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန်။

၅)ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ်လုံခြုံရေးတပ်ဖွဲ့များက ရက်ရက်စက်စက်အကြမ်းဖက်တာမျိုးတွေကို ရပ်တံ့သွားစေဖို့နဲ့ စစ်အာဏာသိမ်းမှုကို ချက်ချင်းအဆုံးသတ်စေဖို့ ပြင်းထန်နိုင်သမျှ အပြင်းထန်ဆုံး အစွမ်းကုန်အရေးယူပေးရန်

၆) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံရန်။

သဘာပတိကြီးခင်ဗျား

နိဂုံးချုပ်အနေနဲ့ ကျွန်တော်ပြောလိုတာကတော့ ကျွန်တော်တို့ဟာ ပြည်သူတွေအတွက် ပြည်သူတွေကရွေးချယ်တဲ့ ပြည်သူ့အစိုးရတစ်ရပ်ပေါ်ပေါက်လာအောင် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ပြည်သူများနဲ့ အန်အယ်လ်ဒီဦးဆောင်တဲ့အစိုးရဟာ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်အောင် ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုးစေမှာဖြစ်ပါတယ်။ 

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လက်ရှိအားပေးထောက်ပံ့မှုများကို ပိုပြီးတိုးမြှင့်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

သဘာပတိကြီးခင်ဗျား

ယခုကျင်းပနေတဲ့ အစည်းအဝေးကို  ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေဟာ အင်တာနက်အွန်လိုင်းကတစ်ဆင့် အထူးစိတ်ဝင်တစား စောင့်ကြည့်နေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။  သူတို့အတွက် မြန်မာလို စကားအနည်းငယ်ပြောခွင့်ပြုစေလိုပါတယ်။

မင်္ဂလာပါ။ ညီအစ်ကို မောင်နှစ်မများနှင့် သွေးချင်းညီနောင်များခင်ဗျား။ မိမိတို့ဆောင်ရွက်နေတဲ့ စစ်တပ်အာဏာသိမ်းမှု ချက်ချင်း အဆုံးသတ်ရေး၊ မိမိတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နှင့် အခြားမတရားထိန်းသိမ်းခံထားရသူများချက်ချင်းလွှတ်ပေးရေး၊ နိုင်ငံတော်အာဏာ ပြည်သူထံရရှိရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေး နဲ့ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး ၊ ဒီအရေးတော်ပုံအောင်မြင်ရေးတို့ကို မိမိတို့အလွှာအသီးသီးမှ ပြည်သူပြည်သားများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အတူတကွလက်တွဲဆောင်ရွက်နေတာကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဆက်လက်ဆောင်ရွက်သွားကြဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းပါတယ်ခင်ဗျား။ ဒီအရေးတော်ပုံ မုချအောင်မြင်ရမည် ဖြစ်ပါသည်ခင်ဗျား။ - - ပြည်သူသာ အဓိက၊ အရေးတော်ပုံ - အောင်ရမည်။

ကျေးဇူးအထူးတင်ရှိပါတယ် သဘာပတိကြီးခင်ဗျား။

( ဒီဗွီဘီ၏ ဘာသာပြန်မူ) 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024