
ပဲခူးတိုင်း ဖြူးမြို့နယ် ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်းက ရဲတပ်သားတစ်ဦးဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်လာပြီး စခန်းကိုမပြန်တော့ဘဲ တိမ်းရှောင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက သားဖြစ်သူ အိမ်ရောက်လာကာ သူ တာဝန်မထမ်းဆောင်ချင်တော့ကြောင်း၊ မြို့နယ်မှာ တာဝန်ပေးခံထားရပြီး ပြည်သူတွေရဲ့ အကြည့်ကို မခံနိုင်တော့သလို သူအတွက်လည်း အခက်အခဲများစွာရှိနေတယ်ဆိုပြီး ပြောကြားသွားတယ်လို့ ရဲတပ်သားရဲ့ ဖခင်က DVB ကို ပြောပါတယ်။
CDM မှာပါဝင်ကြောင်း စားရင်းသွင်းခိုင်းခဲ့သလို အဖမ်းမခံနိုင်ကြောင်းနဲ့ ပြည်သူ့အစိုးရ အာဏာပြန်ရမှ တာဝန်ပြန်ထမ်းဆောင်မယ်၊ အခု ရှောင်နေမယ်ဆိုပြီး ပြောသွားတယ်လို့ ဆိုပါတယ်။
မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးအောင်လွင်ငြိမ်းကတော့ အဆိုပါကိစ္စအား စုံစမ်းနေဆဲ ဖြစ်တယ်လို့ DVB ကို ပြောပါတယ်။
အခုရဲတပ်သားဟာ မြို့နယ်အတွင်း CDM မှာ ပထမဆုံး ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တဦး ဖြစ်ပြီး ၂၀၁၆ ခုနှစ်က ရဲတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
CDM ပါဝင်တဲ့ ရဲတပ်သားနဲ့ ပတ်သက်ပြီး လက်ရှိမှာ နယ်မြေရဲတပ်ဖွဲ့စခန်းက အကြိမ်ကြိမ်လာရောက်မေးမြန်းနေတယ်လို့ သိရပါတယ်။
ကျော်အောင်