ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)လက်အောက်ခံ KNLA တပ်ဖွဲ့နဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်တပ်တို့ ဒီကနေ့မနက်က တိုက်ပွဲဖြစ်ပွားပြီးနောက် ကရင်ပြည်နယ် ရွာသစ်ကျေးရွာနဲ့ ကော့ကရိတ်လမ်းမကို လုံခြုံရေးအရပိတ်ထားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက် အရသိရပါတယ်။
ဒီနေ့မနက် ၁၁ နာရီ ၄၀ မိနစ်လောက် စကခ လက်အောက်ခံ တပ်မှ အင်အား ၆၀ လောက်က ကား ၅ စီးဟာ KNLA တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ကော့ကရိတ် -ကျိုက်ဒုံ လမ်းမရှိ မောင်းမရွာသစ်သို့ အကြောင်းကြားခြင်းမရှိဘဲ နယ်မြေကျူးကျော်ဝင်ရောက်လာခဲ့လို့ KNLA လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
နှစ်ဘက်တပ်တွေ ၁၅ မိနစ် - မိနစ် ၂၀ ကြာလောက် ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ အာဏာသိမ်း တပ်မတော်ဘက်က ၄ ယောက်လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နှစ်ဘက်တပ်တွေ မွန်းလွဲပိုင်းအထိ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့မှာ စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာသိမ်း စစ်ကောင်စီကို ဖြုတ်ချဖို့ ပြည်သူလူထုတွေက ဆန္ဒပြနေတာ ဒီကနေ့ဆို ၁၇ ရက် ပြည့်ခဲ့ပြီဖြစ်ပြီး ပစ်ခတ်မှုဖြစ်ချိန်မှာ ဆန္ဒထုတ်ဖော်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက လူစုခွဲနေချိန်လည်း ဖြစ်ပါတယ်။
Photo Credit- KNU