
CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကရင်ပြည်နယ် လွှတ်တော်ရုံးဝန်ထမ်း ၁၄ ဦး ဒီနေ့မနက်ပိုင်း လုပ်ငန်းတာဝန်ကနေ ရပ်ဆိုင်းခံခဲ့ရတယ်လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်လွှတ်တော်ရုံးက ဖေဖော်ဝါရီ ၂၄ ရက် ရက်စွဲနဲ့ ရုံးအမိန့်အမှတ် ၈/၂၀၂၁ နဲ့ အလုပ်တာဝန်ပျက်ကွက်တာ၊ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ညွှန့်ကြားချက်တွေကို မလိုက်နာလို့ နိုင်ငံဝန်ထမ်းနည်းဥပဒေ ၁၇၀ နည်းဥပဒေအရ အငယ်တန်စာရေး ၁၂ ဦး၊ ယာဥ်မောင်း ၁ ဦး၊ ရုံးစောင့် ၁ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တာပါ။
အလုပ်တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတဲ့ ဦးမင်းသိမ်းထွဋ်က "ဒီလို အလုပ်တာဝန်က ရပ်ဆိုင်းတာ ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ကို ချိုးဖောက်တာလို့ မှတ်ယူတယ်။ ကျနော်တို့ စလုပ်တည်းက ပြည်သူနဲ့အတူ တိုက်ပွဲဝင်တာဖြစ်တယ်။ စစ်အာဏာရှင်စနစ် အဆုံးသတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်" လို့ ဆိုပါတယ်။
ပြည်နယ်လွှတ်တော် ဝန်ထမ်းတွေအပြင် စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ CDM အောင်မြင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေလည်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ ဖိအားပေးခြိမ်းခြောက်တာ ခံနေရပါတယ်။
အခက်အခဲတွေကြောင့် CDM မှာ မပါဝင်ရသေးတဲ့ နိုင်ငံဝန်ထမ်းတွေအနေနဲ့ တတ်နိုင်သလောက် ပါဝင်ဖို့နဲ့ မကြောက်မရွံ့ဘဲ ပန်းတိုင်ကို တစ်နေ့ရောက်ရမယ်ဆိုတဲ့ သံဓိဋ္ဌာန်နဲ့ တိုက်ပွဲဝင်ပေးဖို့ CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေက တိုက်တွန်းထားပါတယ်။
ဆန္ဒပြသူတွေ၊ CDM ပါဝင်တဲ့ ဝန်ထမ်းတွေကို ရပ်ကွက်အတွင်း လုံခြုံရေးအကြောင်းပြကာ ညပိုင်းဝင်ရောက်ဖမ်းဆီးတာတွေအပြင် ဝန်ထမ်း ၃ ဦးလည်း တရားစွဲဆိုခံရတောတွေ ရှိပါတယ်။