ဂျပန်အစိုးရဟာ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီသစ်ကို ဟန့်တားဖို့ အစီအစဉ်တွေ အပြီးသတ် လုပ်ဆောင်နေတယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ အဆာဟိ ရှင်းဘွန်း သတင်းစာမှာ ဖော်ပြထားပါတယ်။
အနောက်မဟာမိတ်နိုင်ငံတွေက မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုအပေါ် နောက်ထပ် အရေးယူဖို့ ခြိမ်းခြောက်နေပြီး ဒဏ်ခတ်မှုအသစ်တွေ ချမှတ်နေချိန်မှာ ဂျပန်က ခုလို စီစဉ်တာလည်း ဖြစ်ပါတယ်။
ဒဏ်ခတ်မှုအဖြစ် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ (ODA) ကို ဆိုင်းငံ့ဖို့ ဆော်သြချက်တွေကို ဂျပန်အစိုးရဟာ ချုပ်တည်းထားပြီး ဆွေးနွေးပွဲတွေကတဆင့် ဒီမိုကရက်တစ် အဖြေရှာရေးဆီကိုရောက်ဖို့ စစ်ကောင်စီကို ဖျောင်းဖျဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။
မူဝါဒ အပြောင်းအလဲ ဖြစ်နိုင်ချေကို လမ်းဖွင့်ထားတယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ခတ်စုနိုဘု ခါ့တိုးက ပြောပါတယ်။
“မြန်မာအပေါ် စီးပွားရေး အထောက်အပံ့နဲ့ ပတ်သက်ရင် ကျွန်တော်တို့ဟာ ထင်မြင်ယူဆချက်မပါဘဲ အြခေအနေကို သတိထား စောင့်ကြည့်သွားပြီးမှ နည်းလမ်းတွေကို စဉ်းစားမယ်။”
မြန်မာနိုင်ငံအတွက် နောက်ထပ် အကူအညီတွေကို ရပ်တံ့ရေး အစိုးရက စဉ်းစားနေတယ်လို့ အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ကျိုဒို သတင်းမှာလည်း ဖော်ပြထားပါတယ်။