
အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်လိုတာကြောင့် လုပ်ငန်းခွင်မဝင်ဘဲ CDM လုပ်ဆောင်တဲ့ ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း ၄၀ နဲ့ ကယားပြည်နယ်လွှတ်တော်ရုံးဝန်ထမ်း ၂၆ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း သက်ဆိုင်ရာရုံးတွေက ထုတ်ပြန်ပါတယ်။
ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း ၄၀ ဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ကာ အကြောင်းအမျိုးမျိုးပြပြီး လုပ်ငန်းခွင်သို့ လာရောက်ဖို့ ပျက်ကွက်တဲ့အတွက် နိုင်ငံဝန်ထမ်းဥပဒေများ ၁၇၁ အရ တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း အုပ်ချုပ်ရေးမှူး ဦးအံ့မော်လက်မှတ်နဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အလားတူ ကယားပြည်နယ်လွှတ်တော်ရုံးက ဝန်ထမ်းတွေဟာလည်း နိုင်ငံဝန်ထမ်းဥပဒေ နည်းဥပဒေ စည်းမျဉ်းစည်ကမ်းကို လိုက်နာမှုမရှိဘဲ CDM ဆန္ဒထုတ်ဖော်မှုပါ ပါဝင်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအရ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစပြီး တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ခေတ္တလွှတ်တော်ရုံးအကြီးအမှူး ကျော်စိုးသူ လက်မှတ်နဲ့ ထုတ်ပြန်ထားပါတယ်။
ဒီလိုတာဝန်မှ ရပ်ဆိုင်းခံထားရတဲ့ဝန်ထမ်းတွေကတော့ ဒါဟာ ယာယီသာဖြစ်တဲ့အတွက် အားတင်းထားဖို့ အချင်းချင်း အားပေးစကားတွေ ပြောဆိုနေကြပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့တုန်းကလည်း ဖရူဆိုမြို့နယ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၁၄ ဦးကို တာဝန်ကနေရပ်ဆိုင်းကြောင်း အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းက ထုတ်ပြန်ခဲ့ပါတယ်။
တာဝန်မှ ယာယီရပ်ဆိုင်းခံထားရဲ့ ဖရူဆိုအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတဦးကတော့ ဝန်ထမ်းလစာမရှိတဲ့သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပေမဲ့ အဆုံးထိ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
“အခု လစာကမသေချာတော့ဘူးပေါ့နော်။ ကလေးတွေပါတွေရှိတဲ့လူကတော့ ပူရမယ်ထင်တယ်။ ဒီတိုက်ပွဲက နိုင်ကိုနိုင်ရမယ်ပေါ့။ အရင် ၈၈ တုန်းက မနိုင်ခဲ့ပေမယ့် ကျမတို့ မျိုးဆက်သစ်ကျလို့ရှိရင်တော့ နိုင်ကိုနိုင်ရမယ်လို့ ကျမတို့ ယုံကြည်တယ်ပေါ့နော်။ အတတ်နိုင်ဆုံးတော့CDM မှာ ဝန်ထမ်းတွေအကုန်လုံးပါဝင်လာနိုင်ရင်တော့ ဒီတိုက်ပွဲက မြန်မြန်ပြီးဆုံးသွားမယ်လို့ ကျမထင်တယ်။” လို့ ပြောပါတယ်။
ကယားပြည်နယ်အတွင်း ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတချို့ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုတွေနဲ့အတူ CDM မှာ ပါဝင်လှုပ်ရှားနေကြသလိုပဲ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်က ရဲတပ်သား ၇၅ ဦးလည်း CDM မှာ ပါဝင်ထားကြောင်း ကယားပြည်နယ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု သပိတ်ကော်မီတီဆီက သိရပါတယ်။
CDM ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက်ကိုလည်း ဒေသခံ ပြည်သူ လူထုတွေက ကူညီဆောင်ရွက်ပေးထားပါတယ်။