
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားတွေကို လက်ခံမှာမဟုတ်ဘဲ ကေအန်ယူရဲ့ အုပ်ချုပ်ရေးယန္တရားအတိုင်းဆောင်ရွက်မယ်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ (တောင်ငူခရိုင်)က ဖေဖော်ဝါရီလ ၂၄ ရက်နေ့ စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုအဆင့် တိုင်းနှင့်ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်နဲ့ ရပ်/ကျေးအဆင့် စီမံအုပ်ချုပ်ရေးကောင်စီတွေကို အုပ်ချုပ်ရေးပုံစံချမှတ်ပြီး အာဏာလုယူမှုအပေါ် ကေအန်ယူ တောင်ငူခရိုင်အနေနဲ့ လုံးဝလက်မခံဘဲ တောင်ငူခရိုင်နယ်မြေအတွင်းကချမှတ်လာမယ့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်ရေး ယန္တရားတွေကို ကန့်ကွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
အလားတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH လုပ်ဆောင်ဖို့ ကြေညာထားတဲ့ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်တွေကိုလည်း ကေအန်ယူတောင်ငူခရိုင်အနေနဲ့ လုံးဝ လက်ခံမှာမဟုတ်ဘဲ ကန့်ကွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရှိနှင့်နေပြီးသား မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးယန္တရားတွေကိုလည်း သက်ဆိုင်ရာ နယ်မြေအလိုက် ပါဝင်ခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း စစ်အာဏာသိမ်းခြင်းကို လက်မခံတဲ့အနေနဲ့ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေမှာ ပါဝင် ပတ်သက်ခြင်း မပြုတော့ဖို့တိုက်တွန်းပါတယ်။
ကေအန်ယူ တောင်ငူခရိုင်အတွင်း နဂိုရှိပြီးသား ကေအန်ယူရဲ့ အုပ်ချုပ်ရေးယန္တရားတွေအတိုင်း ရှေ့ဆက်ဆောင်ရွက်သွားမှာဖြစ်ပြီး ဖယ်ဒရယ်ပြည်ထောင်စုဆိုင်ရာဖွဲ့စည်းပုံ အခြေခံ ဥပဒေ သစ်တရပ် ပေါ်ပေါက်လာနိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုရက်ပိုင်းမှာပဲ စစ်အာဏာသိမ်းကောင်စီက အာဏာကိုအသုံးချပြီး တိုင်းဒေသကြီးနဲ့ပြည်နယ် ခရိုင်မြို့နယ်အလိုက် အုပ်ချုပ်ရေးမှုတွေကို ခန့်အပ်နေသလို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ရပ်ကျေးအလိုက်ဖွဲ့စည်းဖို့ ကြိုးပမ်းနေပါတယ်။