မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဒေသခံတွေက လက်မခံတာကြောင့် ရပ်ကွက်နေ ပြည်သူတွေက ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ သံပုံးတီးပြီး မောင်းထုတ်ကာ အုပ်ချုပ်ရေးမှူးရုံးကို ချိပ်ပိတ်ခဲ့ပါတယ်။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ကြည့်မြင်တိုင်ကျေးရွာအုပ်စုရှိ ရွာပေါင်း ၅ ရွာမှာ လည်း အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်တဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ ဒီကနေ့မနက် ထောင်နဲ့ချီတဲ့ ရွာသားတွေ ကန့်ကွက် ဆန္ဒပြနေကြပါတယ်။
ရန်ကုန်တိုင်း၊ သာကေတ ၂/ မြောက်ရပ်ကွက်မှာလည်း အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးကို ရပ်ကွက်နေပြည်သူတွေက လက်မခံကြောင်း ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အမှတ်-၁၀ ရပ်ကွက်မှာ အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးကို ရပ်ကွက်နေသူတွေက လက်မခံဘဲ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
မနေ့ကလည်း ရွှေဘိုမြို့နယ် သီလုံးကျေးရွာအုပ်စုမှာ အာဏာသိမ်း စစ်ကောင်စီက ခန့်တဲ့ အုပ်ချုပ်ရေးမှူးကို လက်မခံကြောင်း ဒေသခံတွေ သံပုံးတီးကန့်ကွက်ခဲ့ပြီး ကိုယ်တိုင်အုပ်ချုပ်မယ်လို့ ကြေညာခဲ့ပါတယ်။
ကန့်ဘလူမြို့နယ် အင်းမကျေးရွာအုပ်စုမှာလည်း ရွာသားတွေ တင်မြှောက်ထားခဲ့တဲ့ အုပ်ချုပ်ရေးမှူးကို ဖြုတ်ချပြီး စစ်ကောင်စီက အသစ်ခန့်တဲ့အပေါ် ရွာသားတွေက သံပုံးတီး ကန့်ကွက်ခဲ့ကြပါတယ်။
ကလေးမြို့နယ် မြောက်စည်းကျေးရွာအုပ်စုမှာလည်း အာဏာသိမ်း စစ်ကောင်စီက ရွေးချယ် ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ကျေးရွာ ၂ ရွာအတွင်း ရွာသူရွာသားတွေ အင်အား ၇၀၀ လောက်က ဒီကနေ့ သံပုံးတီး လှည့်လည်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ မြို့ပေါ်ရပ်ကွက် တချို့မှာလည်း ဒီနေ့ ကန့်ကွက်ကြပြီး စစ်ကောင်စီက ခန့်တဲ့ အုပ်ချုပ်ရေးမှူးတချို့ နုတ်ထွက်ပေးခဲ့ရပါတယ်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ပေါက်တောကျေးရွာအုပ်စုမှာလည်း လူထုရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူးကို ဖြုတ်ပြီး စစ်ကောင်စီ အလိုကျလူကို ခန့်တာကြောင့် ပေါက်တော၊ အိုင်ကြီး၊ ကန်ကြီးစုရွာသားတွေ စုပေါင်းပြီး မနေ့က ဆန္ဒပြခဲ့ကြသလို မကွေးမြို့နယ် မကြီးကန်ရွာမှာလည်း စစ်ကောင်စီခန့်တဲ့အုပ်ချုပ်ရေးမှူးကို ရွာသားတွေက ရွာထဲမှာ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ ရပ်ကွက်တချို့နဲ့ ကျေးရွာတချို့မှာလည်း အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အလိုမရှိကြောင်း ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ ပိုစတာတွေ ကိုင်ဆောင်ပြီး သံပုံးတီး လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်ကောင်စီက ယာယီအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတချို့ကလည်း တာဝန်ပေးတာကို လက်မခံဘဲ နုတ်ထွက်စာတင်ထားတယ်လို့ သိရပါတယ်။