အာဏာသိမ်းစစ်ကောင်စီ ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်က ထိုင်းနိုင်ငံမှာ ရောက်ရှိနေတယ်လို့ ထိုင်းအစိုးရ သတင်းရင်းမြစ်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေကို ဖြေရှင်းဖို့ အာဆီယံနိုင်ငံတွေက သံတမန်နည်းလမ်းနဲ့ ကြိုးပမ်းအားထုတ်နေရာမှာ ဆွေးနွေးပြောဆိုဖို့ ဦးဝဏ္ဏမောင်လွင်ဟာ ထိုင်းနိုင်ငံကို ရောက်လာတာလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးကတည်း ကစတင်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို ဖြေရှင်းပေးဖို့ မြန်မာ့အိမ်နီးချင်း အာဆီယံ နိုင်ငံတွေက ပိုမို အရှိန်မြှင့်ကြိုးပမ်း အားထုတ်နေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ နိုင်ငံရေးအကျပ်အတည်းနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်ဖြေရှင်းဖို့ စီစဉ်ခဲ့တဲ့အကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲသစ်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကသဘောတူလာအောင် အင်ဒိုနီးရှာနိုင်ငံက တိုက်တွန်းနေတယ်လို့ ရိုက်တာသတင်းက ရေးသား ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီဟာလည်း ဖေဖော်ဝါရီ ၂၅ ရက်မှာ မြန်မာနိုင်ငံကို နေ့ချင်းပြန်ခရီးသွားရောက်ဖို့ စီစဉ်ခဲ့ပြီးကာမှ ဒီနေ့မနက်မှာတော့ သွားဖို့ သင့်တော်တဲ့ အချိန်မဟုတ်တာကြောင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Photo-Reuters