ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်အာဏာရှင်ကျဆုံးရေးနဲ့ ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေးအတွက် ဖေဖော်ဝါရီ ၂၄ ရက် ဒီနေ့မနက်ပြုလုပ်တဲ့ လူထုဆန္ဒပြပွဲမှာ အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့တို့က လာရောက်သတိပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
မြို့တွင်းဆန္ဒပြရာမှာ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လမ်းမကြီး လမ်းစုံလမ်းသွယ် တခြား ပြည်သူတွေအနှောင့်အယှက်မဖြစ်စေရေး လာရောက် သတိပေးတာရှိပေမဲ့ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းစွာလမ်းမကြီးအတိုင်း စစ်အာဏာရှင်ကျဆုံးရေး၊ စစ်အာဏာရှင် အလိုမရှိ၊ ဖမ်းဆီးထားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ချက်ချင်းလွှတ် စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ကြပါတယ်။
မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့မှာ အာဏာသိမ်း စစ်ကောင်စီကို ပြည်သူလူထုတွေက နေ့စဉ် ဆန္ဒထုတ်ဖော်တာ ဒီနေ့ဆိုရင် ၁၈ ရက် မြောက်ရှိသွားပြီဖြစ်ပါတယ်။
ဖိုးစီ