DVB Logo
Home
မြန်မာသတင်း
ဩစတြေးလျ ဒုကာကွယ်ရေးဦးစီးချုပ်က ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံ ဖုန်းဆက်တောင်းဆို
DVB
·
February 23, 2021
ဩစတြေးလျ ဒုကာကွယ်ရေးဦးစီးချုပ်က      ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံ ဖုန်းဆက်တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ပြန်လည်ထူထောင်ဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ ဩစတြေးလျ ပညာရှင် ပါမောက္ခ ရှောင်တန်နဲလ်ကို ပြန်လွှတ်ပေးဖို့ ဩစတြေးလျ  တပ်မတော်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒေးဗစ်ဂျွန်စတင်က မြန်မာဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ဖေဖော်ဝါရီ ၂၂ ရက်က တယ်လီဖုန်းနဲ့ ဆက်သွယ် တောင်းဆိုလိုက်ပါတယ်။  

ပါမောက္ခ ရှောင်တန်နဲလ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေးခေါင်းဆောင်တွေ ဖမ်းဆီးမခံရခင်အချိန်ထိ အန်အယ်လ်ဒီအစိုးရရဲ့ စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူဆောင်ရွက်ပေးတဲ့ပညာရှင်ဖြစ်ပါတယ်။

ဩစတြေးလျ သံတမန်တွေကလည်း  မစ္စတာ ရှောင်တန်နဲလ် လွတ်မြောက်ရေးအတွက် လုပ်ဆောင်ပေးနေပါတယ်။  ဒါဟာ ဩစတြေးလျ အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက စစ်ကောင်စီထဲက ထိပ်တန်းပုဂ္ဂိုလ်တွေဆီ ပထမဆုံး အဆက်အသွယ် ရရှိလိုက်တာ ဖြစ်ပါတယ်။

ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူတဦးရဲ့ ပြောကြားချက်အရ  ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်စတင်က မြန်မာနိုင်ငံရဲ့အခြေအနေကို ဩစတြေးလျနိုင်ငံက နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်နေကြောင်းနဲ့ ပါမောက္ခ ရှောင်တန်နဲလ်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ထပ်လောင်း တောင်းဆိုထားပါတယ်။  

ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်စတင်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို စစ်တပ်က ပြင်းပြင်းထန်ထန် အင်အားသုံးစွဲတာနဲ့ အကြမ်းဖက်ခြင်းတွေကို လက်မခံနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ ဩစတြေးလျ  ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရပ်သားတွေအပေါ် အကြမ်းဖက်မှုမှ ရှောင်ရှားဖို့၊  ဒီမိုကရေစီကို အမြန်ဆုံး ပြန်လည်ထူထောင်ဖို့နဲ့ ဖေဖော်ဝါရီ ၁ ရက်မှစပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သားခေါင်းဆောင်တွေကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ 

ဆွေးနွေးရာမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မြန်မာ့ တပ်မတော်ဟာ သြစတြေးလျ တပ်မတော်ကဲ့သို့ ဒီမိုကရေစီတပ်မတော်ဖြစ်ပြီး ဒီမိုကရေစီကိုလေးစားတန်ဖိုးထားပါကြောင်း၊ ဒီမိုကရေစီမှာလူတိုင်းမိမိသဘောဆန္ဒကို ဥပဒေနှင့် အညီငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်ရှိကြောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ သိရှိလိုက်နာနေကြောင်းပြောကြားခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013