အာဏာသိမ်း စစ်ကောင်စီ လက်အောက်မှာ အလုပ်မလုပ်လိုတာကြောင့် လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန် CDM လုပ်ဆောင်တဲ့ ကယားပြည်နယ် ဖရူဆိုမြို့နယ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း ၁၄ ဦးကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ တာဝန်ကနေ ရပ်ဆိုင်းကြောင်း အုပ်ချုပ်ရေးမှူးက ထုတ်ပြန်လိုက်ပါတယ်။
ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက် တာဝန်ထမ်းဆောင်နေတဲ့ မြို့ပေါ် ရုံးဝန်ထမ်း ၁၀ ယောက်နဲ့ ရပ်ကွက် ကျေးရွာအုပ်စု စာရေးဝန်ထမ်း ၃ ယောက်အပါအဝင် ၁၄ ယောက်ကို CDM မှာ ဆန္ဒဖော်ထုတ်တဲ့အတွက် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကစပြီး တာဝန်မှ ယာယီ ရပ်ဆိုင်းကြောင်း အုပ်ချုပ်ရေးမှူး အောင်မြင့်ထွန်း လက်မှတ်နဲ့ထုတ်ပြန်တာဖြစ်ပါတယ်။
တာဝန်မှ ယာယီရပ်ဆိုင်းခံထားရတဲ့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတွေကတော့ ခရီးများအဆုံးထိ လျှောက်သွားမယ်လို့ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားဖော်ပြပါတယ်။
ဒီလို ထွေအုပ်ဝန်ထမ်းတွေကို ယာယီတာဝန်မှ ရပ်ဆိုင်းကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ကြေညာနေချိန်မှာပဲ ဖရူဆိုမြို့နယ် လဝက ဦးစီးအရာရှိ ဦးဘရန်ဒီးကတော့ ၂၂ ရက်နေ့ကစပြီး ပြည်သူနဲ့အတူ Civil Disobedience Movement မှာ ပါဝင်ပြီဖြစ်ကြောင့် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားလိုက်ပါတယ်။
ကယားပြည်နယ်အတွင်း ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတချို့ဟာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွေနဲ့အတူ CDM မှာ ပါဝင်လှုပ်ရှားနေကြသလိုပဲ ကယားပြည်နယ်အတွင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်က ရဲတပ်သာ ၇၅ ဦးလည်း CDM မှာ ပါဝင်ကြောင်း ၂ ငါးလုံး လူထုသပိတ်မှာ ကယားပြည်နယ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီက ကြေညာခဲ့ပါတယ်။
CDM ပါဝင်လုပ်ဆောင်တဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက်ကိုလည်း လူထုတွေက ကူညီဆောင်ရွက်ပေးနေကြောင်း ကယားပြည်နယ် သပိတ်ကော်မတီက ပြောကြားထားပါတယ်။