ဒေါ်အောင်ဆန်းစုကြည် EU Sakharov လူ့အခွင့်အရေးဆု ရယူရန်ရှိ
DVB
·
October 9, 2013
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ပြည့်နှစ်က ချီးမြှင့်ခံခဲ့ရတဲ့ EU Sakharov လူ့အခွင့်အရေးဆုကို လက်ခံရယူဖို့ရှိတယ်လို့ အီးယူပါလီမန်က ဒီနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိတာကို စစ်အစိုးရက အသိအမှတ်မပြုဘဲ ဆန္ဒပြလှုပ်ရှားမှုတွေကို အကြီးအကျယ် နှိမ်နင်းနေချိန်က ဒီဆုကို ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့မှာ အီးယူပါလီမန်အဖွဲ့ဝင်တွေကို မိန့်ခွန်းပြောကြားဖို့ရှိတယ်လို့လည်း အီးယူလွှတ်တော် အချိန်ဇယားထုတ်ပြန်ချက်အရ သိရပါတယ်။
ဂုဏ်သိက္ခာကြီးမြတ်လှတဲ့ ယူရို ၅ သောင်း တန်ဖိုးရှိ EU Sakharov ဆုကို တောင်အာဖရိကမှ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် နလ်ဆင် မင်ဒဲလားနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်တို့လည်း ရရှိခဲ့ပြီး ဖြစ်ပါတယ်။
ဒီနှစ်အတွက် အီးယူလွှတ်တော်က ဆန်ကာတင် ရွေးချယ်ထားသူတွေထဲမှာ အမေရိကန်ထောက်လှမ်းရေးဟောင်း အက်ဒွပ်စနိုးဒန်း၊ ပါကစ္စတန်က အမျိုးသမီးတွေ ပညာသင်ခွင့်ရရေး လှုပ်ရှားသူ မာလာလာ ယူဆက်ဖ်ဇိုင်နဲ့ အစိုးရမူဝါဒကို ဆန့်ကျင်တဲ့ ဘယ်လာရုဇ် လူမျိုး အကျဉ်းသား ၃ ယောက်တို့ ဖြစ်ပါတယ်။