အစိုးရနှင့်ကေအိုင်အို တပ်ပိုင်းဆိုင်ရာကိစ္စ တံခါးပိတ် ဆွေးနွေး
နော်နိုရင်း
·
October 9, 2013
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရအကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယနေ့မှာ တပ်ပိုင်းဆိုင်ရာကိစ္စကို လေ့လာသူတွေမပါဘဲ နှစ်ဖက် ကိုယ်စားလှယ်တွေ တံခါးပိတ် ဆွေးနွေးခဲ့ကြပါတယ်။
တပ်ပိုင်းဆိုင်ရာကိစ္စမှာ အဓိက အားဖြင့် ၄ လအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားခဲ့တဲ့ အကြောင်းနဲ့ ဒီထက်တိုက်ပွဲတွေ လျော့သွားအောင် ဘယ်လို လုပ်ဆောင်မယ်ဆိုတာ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာပါဝင်တဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။
“တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို တံခါးပိတ်ပြီး ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာ လေးလတာ ကာလမှာ ၂၉ ကြိမ် တိုက်ပွဲတွေဖြစ်ခဲ့တယ်။ တလကို ၇ ကြိမ်လောက်ဖြစ်တယ်။ ဒါကိုလည်း ထက်ပြီးလျှော့ချဖို့ပေါ့။ နောက်ဆုံးကတော့ တိုက်ပွဲတွေမဖြစ်အောင် ဘယ်လို လုပ်မလဲဆိုတာ အဓိကပါပဲ။ ကျနော်တို့ဆွေးနွေးတဲ့အခါမှာ နှစ်ဖက်ခေါင်းဆောင်တွေကတော့ တိုးတက်မှုတွေ အများကြီးရှိတယ်။ အားရဖို့ကောင်းတယ်လို့တော့ပြောတယ်။ ဆွေးနွေးပွဲလေးတွေ ဆွေးနွေးတဲ့ဟာကိုတော့ အသေးစိတ် ထုတ်ပြန်ဖို့မရှိပါဘူး။”
ဒါ့အပြင် ပြည်တွင်း ကချင် ရွာပုန်းရွာရှောင် (အိုင်ဒီပီ) ဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ နှစ်ဖက်အဖွဲ့ကနေပြီး နေရာ ၄ နေရာမှာ ဒုက္ခသည် ကူညီထောက်ပံ့ရေးဆိုင်ရာ ကနဦး စမ်းသပ်စီမံကိန်းတွေ နှစ်ဖက်အဖွဲ့ပူးပေါင်းလုပ်ဆောင်ဖို့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
“ဒီကိစ္စကတော့ အနည်းဆုံး ၄ နေရာလောက် လုပ်ဖို့ မူအားဖြင့် သဘောတူတယ်။ အဲဒီမူကိုတော့ အလုပ်အဖွဲ့တွေက နှစ်ဖက်ညှိနှိုင်းရေးဆွဲဖို့ သဘောတူကြပါတယ်။”
မနေ့ကဆွေးနွေးခဲ့တဲ့ နှစ်ဖက် စောင့်ကြည့်လေ့လာရေးအဖွဲ့ဖွဲ့ဖို့ ဆိုတဲ့အချက်ကိုတော့ နှစ်ဖက်အလုပ်အမှုဆောင်အဖွဲ့တွေ ဆက်လက်ညှိနှိုင်းကြတယ်လို့ ပြောပါတယ်။
မနက်ဖြန် ဆွေးနွေးပွဲ ဆက်လက်ကျင်းပဖို့ရှိပြီး နှစ်ဘက် အနည်းဆုံး သဘောတူညီချက် ၅ ချက် ရရှိနိုင်ဖို့ အစိုးရဘက်က မျှော်လင့်နေတယ်လို့ ဆိုပါတယ်။