Home
မြန်မာသတင်း
ငြိမ်းချမ်းစွာဆန္ဒပြသူများကို ပစ်ခတ်သည့်အပေါ် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ရှုတ်ချ
နန်းမြနဒီ
·
February 22, 2021

ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေ၊ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းနဲ့ ပြည်သူတွေကို စစ်တပ်က တိုက်ပွဲသုံးလက်နက်တွေနဲ့ ပစ်ခတ်သတ်ဖြတ် ဖြိုခွဲနှိမ်နင်းခဲ့တဲ့အပေါ်  ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း  ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ ရှမ်းပါတီတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (SSJAC) က ဖေဖော်ဝါရီ ၂၁ ရက် နေ့စွဲနဲ့ ကြေညာပါတယ်။

မိမိရဲ့ နိုင်ငံသားအခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုကျင့်သုံးနေတဲ့ ပြည်သူနဲ့ ဝန်ထမ်းတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြမှုနဲ့ CDM လှုပ်ရှားမှုတွေကို အားပေးထောက်ခံပြီး အဆိုပါလှုပ်ရှားမှုတွေကို နည်းလမ်းရှာဖွေ ကူညီပံ့ပိုးပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒီဆန္ဒပြမှုတွေဟာ ဓမ္မနဲ့ အဓမ္မ ယှဉ်ပြောရမယ်ဆိုရင် တပ်မတော်ကနေ ပြည်သူလူထု ပိုင်ဆိုင်တဲ့အရာကို အတင်းအဓမ္မ သိမ်းယူခဲ့တာမို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက်ဆန္ဒဖော်ထုတ်မယ် ဆက်ပြီးတွန်းလှန်မယ်ဆိုရင် တရားတဲ့ဘက်က အနိုင်ရရှိမယ်လို့ ယုံကြည်ကြောင်း SSJAC ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။ 

“ဒီဆန္ဒပြပွဲက အမှားနဲ့အမှန်၊ ဓမ္မနဲ့အဓမ္မကို ယှဉ်ပြီးပြောကြရမှာပေါ့နော် ၊ တပ်မတော်ကနေပြီးတော့မှ ပြည်သူလူထုပိုင်ဆိုင်တဲ့ အာဏာကိုအတင်းအဓမ္မ သိမ်းယူလိုက်တဲ့ ကိစ္စဟာ လူထုတွေရဲ့မကျေနပ်မှုကို ပိုပြီးတော့မှတိုးပွါးလာစေတာ တနေ့တခြားပဲ။ ဒါမေပဲ့ တဘက်မှာလည်း သူတို့ရဲ့ လုပ်ငန်းစဉ်အရ နှိမ်နင်းတာတွေပစ်ခတ်တာတွေရှိတယ်ဆိုတာကတော့ ဓမ္မတာပါပဲ။ တဘက်မှာ ကျနော်တို့ တိုင်းရင်းသားပြည်သူတရပ်လုံးက လူမျိုးစုံကနေပြီးတော့မှ ဒီအပေါ်မှာ မကျေနပ်ဘူး၊ လက်သင့်မခံနိုင်ဘူးဆိုတာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်ပြီးတော့မှ ဆန္ဒဖော်ထုတ်မယ်။ ဆက်လက်တွန်းလှန်မယ်ဆိုလို့ရှိရင်တော့ တနေ့ကျနော်တို့ တရားတဲ့ဘက်က ဓမ္မဘက်ကပဲ အနိုင်ရမယ်လို့ ဒီတိုင်းပဲ ရှုမြင်ပါတယ်”။

နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာသည် လူထုဆီကနေဆင်းသက်တာကို နိုင်ငံတကာက လည်း အသိအမှတ်ပြုထားပြီး လူထုပိုင်တဲ့အာဏာကို လူထုထဲပြန်လွှဲပေးဖို့တာ အင်မတန်ရိုးရှင်းတဲ့ နိယာမဖြစ်ပြီး ယုံကြည်စွာ စည်းလုံးညီညွတ်စွာတိုက်ပွဲဝင်ကြမယ်ဆိုရင် အချုပ်အခြာကို ပြန်ပြီး ပိုင်ဆိုင်နိုင်မယ်လို့ သူကဆက်ပြောပါတယ်။ 

“လူထုပိုင်ဆိုင်တဲ့အာဏာကို လူထုထဲကိုပြန်လွှဲပေးဖို့ဆိုတာ အင်မတန်ကိုရိုး ရှင်းတဲ့နိယာမဖြစ်တယ် ၊ အင်မတန်ရိုးရှင်းတဲ့တရားသဘောဖြစ်တယ်။ ဒီတရားသဘောအတိုင်းပဲ ယုံယုံကြည်ကြည်နဲ့ ဆက်ပြီးမှတိုက်ပွဲဝင်ဖို့ဘဲရှိပါတယ်။ ကွဲပြားခြားနားတာအနည်းငယ်ရှိပေမယ့်လို့ လူထုရဲ့ စည်းလုံးညီမှုမှုသည်အဓိက အဲဒါကသာလျှင် အချုပ်အခြာအာဏာကိုပြန်ပြီး ပိင်ဆိုင်မှာဖြစ်တယ်”။

ဒါ့အပြင် ငြိမ်းချမ်းစွာဆန္ဒပြမှုနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူနဲ့ ဝန်ထမ်းတွေအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ 

SSJAC အနေနဲ့ စစ်အာဏာရှင်အပါအဝင် ဘယ်အာဏာရှင်စနစ်ကိုမဆို ပပျောက်ချုပ်ငြိမ်းစေဖို့ ဦးတည်ဆောင်ရွက်သွားမှာဖြစ်ပြီး စစ်အာဏာရှင်တို့အကျိုးစီးပွားကို ကာကွယ်ပေးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး နဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024