မြန်မာအလုပ်သမား ၁၇၀ ကျော် မလေးရှားက ပြန်ရောက်
DVB
·
October 9, 2013
မလေးရှားနိုင်ငံမှာ အဖမ်းခံထားရသူတွေနဲ့ မြန်မာပြည်ပြန်ဖို့ အခက်အခဲ ဖြစ်နေတဲ့ မြန်မာအလုပ်သမား ၁၇၀ ကျော်ဟာ သီတဂူဆရာတော်နဲ့ အမ်အေအိုင်လေကြောင်းလိုင်းတို့ ပူးပေါင်းကူညီမှုနဲ့ မနေ့ ညနေ ၄ နာရီလောက်က မြန်မာအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ပြန်ရောက်လာတဲ့ မြန်မာလုပ်သားတွေထဲက နယ်တွေကို ပြန်ဖို့ အခက်အခဲ ရှိနေတဲ့ ၄၆ ဦးကိုလည်း ၈၈ မျိုးဆက် အလုပ်သမားရေးရာက ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
မလေးရှားမှာ မြန်မာတွေ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း မလေးရှားရဲက တရားမ၀င်အလုပ်သမားတွေကို စီမံချက်ချပြီး ဖမ်းဆီးထိန်းသိမ်းမှုတွေ ရှိခဲ့တဲ့အတွက် တရားမ၀င် အလုပ်သမားတချို့ မြန်မာနိုင်ငံကို ပြန်လာမှုတွေ ရှိလာတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား ၄ သိန်းဝန်းကျင်ရှိပြီး မြန်မာအလုပ်သမားအများစုဟာ စားသောက်ဆိုင်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်သူတွေ များပြားကြောင်း သိရပါတယ်။
မလေးရှားရောက် မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံကို ပြန်လာနိုင်အောင် စီစဉ်ပေးတာဟာ ၅ ကြိမ်မြောက်ရှိပြီ ဖြစ်ပြီး စုစုပေါင်း အလုပ်သမား ၃၀၀၀ ၀န်းကျင်လောက်ကို ပြန်ပို့ပေးနိုင်ခဲ့ပြီလို့ အမ်အေအိုင် လေကြောင်းလိုင်း တာဝန်ရှိသူ ဒေါ်အေးမရသာက ပြောပါတယ်။