ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ကျန်မာရေးဝန်ထမ်းတွေကို ရဲတပ်ဖွဲ့က စာရင်းလိုက်လံကောက်ယူနေတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကျန်မာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေက ပထမဦးဆုံး CDM စတင်လှုပ်ရှားခဲ့ကြတာပါ။
မြန်အောင်မြို့နယ်အတွင်းက ကြီးကြပ် ၂ အဆင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက "မနေ့က ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ကျနော့်နေအိမ်ကို နေမြေခံရဲစခန်းက လာမေးတယ်။ ဘယ်သွားလဲ ဘာလုပ်နေလဲ မေးလို့။ အိမ်က မေးတော့ CDM လုပ်တဲ့ သူတွေကို အထက်က စာရင်းကောက်ခိုင်း လို့ပါလို့ပြောတယ်။ ခုကျနော်တို့တွေက ရှောင်နေရပါတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ မဲဇလီကုန်းမြို့က ဆရာဝန်ကိုတော့ CDM မှာ ပါဝင်တာကြောင့် ဖမ်းဆီးထားပြီး ဒီနေ့အထိ မိသားစု၊ ရှေ့နေတို့နဲ့ အဆက်အသွယ်မရသေးပါဘူး။
တတိုင်းလုံးအနေနဲ့ CDM မှာပါဝင်တဲ့ ကျန်မာရေးဝန်ထမ်းတွေကို သက်ဆိုင်ရာ နယ်မြေစခန်းတွေက စာရင်းကောက်ယူနေကြတာလို့ သိပါတယ်။