
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းဖမ်းဆီးမှုတွေ ရှိနေပေမယ့် ဒီနေ့မနက်ပိုင်းက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြည်သူ သိန်းချီ လမ်းလျှောက်ဆန္ဒထုတ်ဖော်တာ၊ ဆိုင်ကယ်တွေနဲ့ စီတန်းလှည့်လည်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပွဲ ဝန်းရံသူတဦးက “ဆန္ဒပြ ဆိုင်ကယ်အင်အားကတော့ သုံးထောင်ကျော်လောက် ရှိတယ်။ ဆိုင်ကယ်တွေနဲ့ သွားရင်း လာရောက်ပူးပေါင်းကြတာ” လို့ ပြောပါတယ်။
ဆန္ဒထုတ်ဖော်သူတွေအနေနဲ့ မြစ်ကြီးနားမြို့အတွင်းမှာ ရဲ၊ စစ်တပ်တွေ ချထားတဲ့ နေရာတော်တော်များများကို ရှောင်ကွင်းပြီး ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ကြတာပါ။
မွန်းတည့် ၁၂ နာရီလောက်မှာတော့ ဆွမ်ပရာဘွမ်လမ်းနဲ့ ဆမားလမ်းရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းဘက်ကို ဆန္ဒထုတ်ဖော်သူတွေ လာရောက်တဲ့အခါမှာတော့ ရဲ၊ စစ်တပ်တို့နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာတွေရှိပြီး ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)က လာရောက်ညှိနှိုင်း လူစုခွဲခဲ့ရပါတယ်။
ဆန္ဒထုတ်ဖော်သူတွေနဲ့ ထိုင်သပိတ် ဆင်နွှဲသူတွေကို ပြီးခဲ့နေ့တွေက အကြမ်းဖက် နှိမ်နင်းဖမ်းဆီးခဲ့တာ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး ညနေပိုင်းတွေမှာ ပြန်လွှတ်ပေးခဲ့ကာ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ မန္တလေးကျောင်းတိုက် ဒုတိယကျောင်းထိုင်ဆရာတော် ဦးပညာဝံသကတော့ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။