ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူလူထုအသံကို လျစ်လျူမရှုပါဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောပါတယ်။
ဒီနေ့ လူမျိုးပေါင်းစုံ အထွေထွေ သပိတ်စစ်ကြောင်းဟာ ဂျပန်သံရုံးကိုသွားပြီး ပြည်သူတွေရဲ့ ကိုယ်စား အိတ်ဖွင့်ပေးစာသွားပေးရာမှာ ပြောခဲ့တာပါ။
“ဒီစာကို ဂျပန်အစိုးရကို အသေအချာ ကျနော်တာဝန်ယူပြီး တင်ပြပါမယ်။ ဂျပန်အစိုးရ အနေနဲ့ မြန်မာပြည်သူလူထုအသံကို လျစ်လျူမရှုပါဘူး။ ကျနော်တို့ တပ်မတော်ကို တောင်းဆိုနေတာက မြန်မာနိုင်ငံတော်ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေအားလုံး ချက်ချင်း ပြန်လွှတ်ဖို့၊ ဘာအခက်အခဲပဲဖြစ်ဖြစ် ဒီမိုကရေစီနည်းနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့ တောင်းဆိုနေပါတယ်။ ဒါက (ဒီတောင်းဆိုချက်က) အပြောင်းအလဲမရှိပါဘူး” လို့ ပြောပါတယ်။
ဂျပန်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ အသံကိုမူတည်ပြီး ဆက်ပြီးကြိုးစားမယ်လို့လည်း ပြောပါတယ်။
သပိတ်စစ်ကြောင်းဟာ မြေနီကုန်းမှာ စုရုံးကြပြီးနောက် နတ်မောက်လမ်းက ဂျပန်သံရုံးဆီကို သွားခဲ့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ဖို့၊ စစ်အာဏာရှင်တွေဆီမှာ ရင်းနှီးမြှုပ်နှံတာမလုပ်ဖို့၊ ဆန္ဒပြပြည်သူတွေကို စစ်အာဏာရှင်တွေက အကြမ်းဖက်တာတွေကို စောင့်ကြည့်ပြီး လိုအပ်တဲ့ ရပ်တည်ချက်အကူအညီတွေပေးဖို့ စတာတွေပါဝင်တဲ့ စာကို ပေးခဲ့ပါတယ်။