မသန်စွမ်းလူငယ်အား ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့တာဝန်ရှိသူများကို အရေးယူပေးရန် တောင်းဆို

မန္တလေးမြို့ တံခွန်တိုင်အဝိုင်းမှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စစ်အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဖြစ်စဉ်အတွင်း မသန်စွမ်းလူငယ်အား အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မြန်မာနိုင်ငံ မသန်စွမ်းအသင်းချုပ်နဲ့ မသန်စွမ်းအသင်းတွေ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

မသန်စွမ်း မောင်ဟန်သက်ဇော်ဟာ ဆန္ဒထုတ်ဖော်တဲ့အနားမှာ ရှိနေစဉ် ရဲတပ်ဖွဲ့က ရိုက်နှက်မှုကြောင့် ဦးခေါင်းကိုထိပြီး လဲကြသွားတဲ့ ဗွီဒီယိုမှတ်တမ်းဟာ လူမူကွန်ရက်မှာ ပျံ့နှံ့ခဲ့တာပါ။

မောင်ဟန်သက်ဇော်ဟာ ကိုယ်အင်္ဂါမသန်စွမ်းသလို ဉာဏ်ရည်မသန်စွမ်းသူလည်းဖြစ်ပြီး မိဘတွေမရှိတဲ့အတွက် ဦးလေးဖြစ်သူနဲ့ နေထိုင်နေသူပါ။

ရဲတပ်ဖွဲ့က ရိုက်နှက်နေစဉ် မပြေးနိုင်တဲ့အတွက် ၁၀ ချက်ထက်မနည်း အရိုက်ခံခဲ့ရတာပါ။

ဒါအပြင် ကိုယ်အင်္ဂါမသန်စွမ်းဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြု့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကိုလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မသန်စွမ်းတွေကို အကြမ်းဖက်ရိုက်နှက်တာဟာ ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နဲ့ မြန်မာနိုင်ငံမသန်စွမ်းသူများအခွင့်အရေးဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ မသန်စွမ်းအဖွဲ့အစည်းတွေက ပြောပါတယ်။

ဒီလို အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ၊ မသန်စွမ်းအဖွဲ့တွေက လူပုဂ္ဂိုလ် ၂၇၀ ကျော် ဒီနေ့ လက်မှတ်ရေးထိုးပြီး ကန့်ကွက်ရှုတ်ချထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် မြန်မာနိုင်ငံမြို့အများအပြား အကြမ်းဖြိုခွင်းတာတွေ ရှိခဲ့ပြီး သေဆုံးသူ ဒဏ်ရာရရှိသူတွေနဲ့ အဖမ်းခံရသူ အများအပြားရှိနေတဲ့အထိမှာ မသန်စွမ်းသူတွေလည်း ပါဝင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up