
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့က CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို တရားစွဲအရေးယူဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အစည်းအဝေးခေါ်ကာ ဌာနတွေကို ဖွဲ့စည်း တာဝန်ပေးခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ CDM ဝန်ထမ်းတွေကို တရားစွဲဆိုဖို့ သဘောထားယူတဲ့အခါ သဘောထား မတူတာကြောင့် မဲစနစ်နဲ့ ဆုံးဖြတ်ခဲ့ရပါတယ်။
မဲစနစ်အရ တာဝန်ကျတဲ့ဌာနတွေကတော့ မီးသတ်ဦးစီးဌာန၊ တိ/မွေးကုဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ ဆည်မြောင်းဌာနတို့ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာအရာရှိတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ တရားစွဲဆိုဖို့ တာဝန်ပေးခံရတဲ့ ဌာနဆိုင်ရာ ၅ ခုထဲက တချို့ ဌာနတွေရဲ့ အကြီးအကဲတွေဟာ ဖေဖော်ဝါရီ ၁၉ ရက်ကစလို့ ရှောင်တခင်ခွင့်တင်တာတွေ၊ အလုပ်ထွက်စာတင်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
လက်ပံတန်းမြို့မှာ ကျန်းမာရေး၊ ပညာရေး၊ မီးရထား၊ လျှပ်စစ်ဌာနတွေက CDM လုပ်ထားတဲ့ ဝန်ထမ်းတွေဟာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ကြပြီး တခြားဌာနတွေင ဝန်ထမ်းအချို့ကလည်း CDM လုပ်ကြတယ်လို့ သိရပါတယ်။
သတင်း/ဓာတ်ပုံ ဝဏ္ဏထွန်း