A d v e r t i s e m e n t With Us

CDM ပူးပေါင်းပါဝင်သည့် မန္တလေးတိုင်း ရဲတပ်ဖွဲ့ဝင် ၁၆ ဦးထိ ရှိလာ

မန္တလေးတိုင်းဒေသကြီးအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်းပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် ၁၆ ဦးလောက်ရှိလာပြီလို့ သိရပါတယ်။

မန္တလေးမြို့ပေါ် နယ်မြေ ရဲစခန်းတွေကနေ ရဲတပ်ဖွဲ့ဝင် ၈ ဦး CDM လုပ်ဆောင်နေပြီး ရဲတပ်ရင်းတချို့က ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ကာ တစ်တိုင်းလုံးအနေနဲ့ ၁၆ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။

CDM လုပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက "ဒီစစ်အစိုးရကြီး မပြီးမချင်း ပူးပေါင်းဖို့ အစီအစဉ်လည်း မရှိဘူး၊ ပြန်လည်း မသွားဘူးလို့ ဆုံးဖြတ်ထားတာခင်ဗျ။ အဲ့ဒီရည်ရွယ်ချက်နဲ့ ထွက်တာခင်ဗျ။ အကုန်လုံးက တဖွဲ့လုံး ခေါင်းဆောင်လည်း မရှိဘူး၊ ကျနော်တို့မှာ ကိုယ်ပိုင်ရည်ရွယ်ချက်ခြင်းတူလို့သာ ပေါင်းစည်းပြီး လုပ်တာပါခင်ဗျ" လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင် တချို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေ စတင်ကာ CDM မှာ ပါဝင်လာတာ ဖြစ်ပြီး လတ်တလောမှာတော့ လုံခြုံတဲ့နေရာမှာ နေထိုင်နေတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးက “ဒီစစ်အာဏာရှင်ကို အလိုမရှိဘူးပေါ့နော်၊ ပြီးတော့ ကျနော်တို့ ယူနီဖောင်းတွေကို သူတို့ ရဲအသွင်ဝတ်ပြီးတော့ ပြည်သူတွေကို နှိပ်စက်တယ်ပေါ့နော်။ ဒါ ပြည်သူတွေဘက်ကနေပြီး ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ ရဲတပ်ဖွဲ့ အရမ်း သိက္ခာကျပါတယ်။ ပြီးတော့ အမုန်းလည်း ခံရပါတယ်။ အဲ့ဒါကြောင့်မို့ ကျနော်တို့ သည်းမခံနိုင်တော့လို့ ဒီ CDMထဲကို ဝင်လာတာပါ။ ကျနော်တို့က အခြားဝန်ထမ်းတွေထက် စာလို့ရှိရင် တပ်ဖွဲ့တွေဆိုတာ၊ အရမ်းပေးဆပ်ရပါတယ်။ အခြားတပ်ဖွဲ့ဝင်တွေ၊ အခြားဝန်ထမ်းတွေနဲ့ မတူပါဘူးခင်ဗျာ။ အဲ့လိုပေါ့ ကြောက်စိတ်ကြောင့်မို့လို့ လူတွေက မထွက်ရဲကြဘူးပေါ့ CDM ထဲမှာ။ အဲ့လို မထွက်ရဲတဲ့အတွက် ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို လှုံ့ဆော်ချင်တာပါ၊ ပူးပေါင်းစေချင်တာပေါ့" လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ CDM လုပ်ဆောက်ဖို့အတွက် တာဝန်ကျရာ နေရာတွေကနေ ခက်ခဲစွာ ထွက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပြည်သူလူထုနဲ့အတူ CDM လုပ်ဆောင်နေတဲ့ ဝန်ထမ်းအားလုံးဟာလည်း CDM ရဲတပ်ဖွဲ့ဝင်တွေကို ဝန်းရံပေးစေလိုတယ်လို့ ဆိုပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ထိန်ထိန်လင်း

A d v e r t i s e m e n t With Us

More News
Up