A d v e r t i s e m e n t With Us

နှလုံးရည်တိုက်ပွဲအတွက် ရှေ့ခြေတလှမ်းတက်

ဒီမိုကရေစီသို့ သွားရာလမ်းသည် ကြမ်းတမ်း၏။ ခက်ထန်၏။ အစဉ်အမြဲ ဖြောင့်ဖြူးသာယာသည်တို့ မရှိတတ်။ ဆူးညှောင့် ခလုတ်တံသင်းနှင့် အဟန့်အတားတို့ တွေ့ကြုံရမြဲပင်။ တခါတရံ ဒီမိုကရေစီအတွက် နှလုံးရည်တိုက်ပွဲ သာမက လက်ရုံးရည်တိုက်ပွဲလည်း ဆင်နွှဲရတတ်သည်ပင်။  

အချို့နိုင်ငံများ၌ နှစ်ပေါင်းရာထောင်ချီ၍ ဒီမိုကရေအရသာကို ခံစားနေရပြီဆိုသော်လည်း မြန်မာနိုင်ငံ၌မူ လွတ်လပ်ပြီးစ ဖူးပွင့်စဒီမိုကရေစီသည်ပင် စစ်ဖိနပ်ဖြင့်နင်းခြေခံခဲ့ရသည်မှာ နှစ်ပေါင်း (၅၀) ကျော်အထိပင်။ အဖျက်အင်အားစုများကြီးထွားလာချိန်တွင် အပြုအင်အားစုတို့ အခိုက်အတန့်အရေးနိမ့်သွားတတ်မြဲပင်။

ဤသည်ကို မကျေနပ်သောပြည်သူလူထုက ၁၉၈၈တွင် အုံကြွတွန်းလှန်ခြင်းဖြင့် အပြုသဘောအင်အားစုတို့မှ ဒီမိုကရေစီလိုလားကြောင်းပြသခဲ့ကြသည်။ လက်နက်ကိုင်အဖျက်အင်အားစုအားသာချိန်၌ ထပ်မံအရေးနိမ့်ခဲ့ရပြန်သည်။ သို့သော် မြန်မာတို့၏ ဒီမိုကရေစီချင်ခြင်းတပ်ခြင်းက လက်ပန်းကျမသွားခဲ့ပေ။ 

  နောက်တကြိမ်ဆုံးရှုံးသွားသော ဒီမိုကရေစီအတွက် အနှစ်‘ ၂၀ ’ကျော် မြန်မာပြည်သူတို့ ဒီမိုကရေစီတိုက်ပွဲ ဆက်လက်ဆင်နွှဲခဲ့ကြရပြန်သည်။ သို့ဖြင့် ၂၀၁၅ ခုနှစ်တွင် ပြည်သူတို့၏ နှလုံးရည်တိုက်ပွဲဖြစ်သော ‘ရွေးချယ်တင်မြှောက်ပွဲ’ဖြင့် ဆန္ဒအမှန်ကိုဖေါ်ထုတ်ပြနိုင်ခဲ့ကြပြန်ပါသည်။ သို့သော် ဒီမိုကရေစီကားအပြည့်အဝရရှိပြီဟုမဆိုနိုင်။ တိုက်ပွဲကား ကျန်နေသေးသည်။

၂၀၂၀ ပြည့်နှစ် တတိယအကြိမ်ရွေးချယ်တင်မြှောက်ပွဲတွင်လည်း လူထု၏ ‘ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတည်ဆောက် ရေး’အိပ်မက်ကို အကောင်ထည်ဖေါ်နိုင်ရန် အပြတ်အသတ် မဲထည့်ရွေးချယ်ပေးခဲ့ကြပြန်သည်။ “ပြည်သူပြည်သား တို့၏ဆန္ဒသည် အုပ်ချုပ်မှုအာဏာ၏ အခြေခံဖြစ်ရမည်”ဆိုသော ကမ္ဘာ့အဓိဋ္ဌာန်ပြု ကြေညာစာတမ်းအတိုင်း ထင်ရှားစေခဲ့ပြန်ပါသည်။

ဤတကြိမ်တွင်လည်း “နေရာတိုင်းတွင် အဖျက်အင်အားစုသည်ရှိမြဲ”ဆိုသည့်အတိုင်း မဲမသမာမှုဆိုသောစွပ်စွဲချက်ဖြင့် အဖျက်အင်အားစုတို့  တကျော့ပြန်လှုပ်ရှားလာကြပြန်သည်။ အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ပြန်သည်။ ပြည်သူလူထု၏ မကျေနပ်မှုတို့ အခေါင်အထွဋ်သို့ရောက်သွားခဲ့သည်။ ယနေ့အထိ ပြည်သူနှင့်အဖျက်အင်အားစုတို့တိုက်ပွဲကား မပြီးဆုံးသေး။

သို့သော်ခေတ်ချင်းမတူတော့။ ဆက်သွယ် ရေးနည်ပညာတို့လည်း ဆန်းသစ်လာပြီ။ ဤကမ္ဘာ၌ အဖျက်သမား တို့ပျက်သုဉ်းနေသည်ကိုလည်း နမူနာအဖြစ် ပြည်သူအားလုံးမြင်တွေ့ခဲ့ကြပြီးပြီ။ ဤသည်ကို နမူနာယူ၍ နှလုံးရည်တိုက်ပွဲကို ဆက်လက်ဆင်နွှဲနိုင်ပါမှ လူထုလိုလားသော ရာနှုန်းပြည့်ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ အခွင့်သာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူတို့အနေဖြင့် အဖျက်ဆီးခံလိုက်ရသော ဒီမိုကရေစီအား ကျားကုတ်ကျားခဲ ကာကွယ်သွားကြပါရန် အလေးအနက် တိုက်တွန်းလိုက်ရပေသည်။

A d v e r t i s e m e n t With Us

More News
Up