မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်ဆွေးနွေးရန် ကြိုးပမ်း

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု အရေးကို ဆွေးနွေးဖို့ ဖြစ်နိုင်ချေကို အင်ဒိုနီးရှားနိုင်ငံက အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ တိုင်ပင်နေတယ်လို့ ချန်နယ်နယူးစ် အေးရှ သတင်းဌာနမှာ ဖော်ပြပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရဒ်နို မာရ်ဆူဒီဟာ သူ့ရဲ့ ဒေသတွင်း ခရီးစဉ်မှာ ပထမဆုံးအနေနဲ့ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက စော်ဘွား ဆူလ်တန် ဟတ်ဆာနယ် ဘိုလ်ကီးယားနဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ တွေ့ဆုံခဲ့ရာမှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ချက်ချင်း အစည်းအဝေးခေါ်ဖို့ အရေးကြီးမှုကို ဘရူနိုင်းစော်ဘွားက အလေးပေး ပြောဆိုခဲ့တယ်လို့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

မြန်မာ့အရေး အထူး အစည်းအဝေး ကျင်းပဖို့ ဘရူနိုင်းနိုင်ငံကို ပြောရေး မလေးရှားဝန်ကြီးချုပ် မာယစ်ဒင်ယာဆင်နဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုတို့က သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို အသီးသီး ညွှန်ကြားရေး သဘောတူအပြီးမှာ မာရ်ဆူဒီရဲ့ ခရီးစဉ် စတင်ခဲ့တာပါ။

ဖေဖော်ဝါရီ ၁ ရက်က မြန်မာစစ်တပ်ဟာ ရွေးကောက်ခံ အရပ်သားအစိုးရဆီက အာဏာသိမ်းပြီး တနှစ် အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။  ဒါ့ အပြင် သမ္မတဦးဝင်းမြင့်၊  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက နိုင်ငံရေး ခေါင်းဆောင်တွေ အပါအဝင် မြန်မာ့ နိုင်ငံရေးမှာ ထင်ရှားသူ အတော်များများကိုပါ ဖမ်းဆီးခဲ့ပါတယ်။

စစ်အာဏာစသိမ်းတည်းက မြန်မာနိုင်ငံတွင်းက အခြေအနေကို စိုးရိမ်ကြောင်း အင်ဒိုနီးရှားနိုင်ငံက ဖော်ပြခဲ့ပြီးပြီ လို့ မဒမ် မာရ်ဆူဒီက ပြောပါတယ်။ ဒါပေမဲ့ မြန်မာကို ကူညီဖို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အင်ဒိုနီးရှားက ဘာလုပ်နိုင်မလဲဆိုတာ မေးခွန်းဖြစ်နေဆဲပဲလို့ သူက ဆက်ပြောပါတယ်။

အာဆီယံ ပဋိညာဉ်စာတမ်းထဲမှာ ဖော်ပြထားတဲ့ အချက်တွေကို လေးစားဖို့က အာဆီယံ အဖွဲ့ဝင် နိုင်ငံတိုင်းရဲ့ တာဝန်ပဲလို့လည်း သူက ပြောပါတယ်။

အာဆီယံ ပဋိညာဉ် စာတမ်း ပုဒ်မ ၁/၇ ထဲမှာ ဒီမိုကရေစီကို အားဖြည့်ဖို့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို တိုးမြှင့်ဖို့၊ အခြေခံလွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ဖို့ ပါရှိတယ်လို့ မာရ်ဆူဒီက ဆက်ပြောပါတယ်။

 အင်ဒိုနီးရှားဟာ   တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရေး စည်းမျဉ်းကို ကိုင်စွဲပြီး မြန်မာပြည်သူတွေရဲ့ ဘေးကင်းရေး နဲ့ လူမှုဖူလုံရေး အပြုသဘောဆောင်တဲ့ ထိတွေ့မှုကို ထိပ်တန်းဦးစားပေးအနေနဲ့ ဆောင်ရွက်မယ်လို့ မာရ်ဆူဒီက ဆက်ပြောပါတယ်။

လက်ရှိအခြေအနေကို ကျော်လွှားဖို့ မြန်မာကို ကူညီရေး အသင့်တော်ဆုံး နည်းလမ်းက အာဆီယံလုပ်ငန်းစဉ်ပဲ ဆိုတာ အင်ဒိုနီးရှားနိုင်ငံက ယုံကြည်တယ်။ တခြား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း ဆက်ပြီး ဆက်သွယ်သွားမယ်လို့ မာရ်ဆူဒီက ပြောခဲ့ပါတယ်။ 

သူဟာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်နဲ့လည်း  ကြာသပတေးနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up