အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်လို့ ဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို ဧရာဝတီတိုင်း၊ ကြံခင်းမြို့မရဲစခန်းက ဒီနေ့ ဖေဖေါ်ဝါရီ ၁၇ မှာ ကိုဗစ်-၁၉ ရောဂါ ရှိမရှိ ဆေးစစ်ဆေးခဲ့ပါတယ်။
သူတို့ ဆေးစစ်ဖို့ ထွက်လာချိန်မှာ ကျန်တဲ့ဝန်ထမ်းတွေအားလုံးလည်း CDM လှုပ်ရှားမှုမှာ ပါဝင်ပေးကြဖို့ ဖမ်းဆီးခံ ရဲ ညီအစ်ကိုနှစ်ယောက်က အော်ပြီး တိုက်တွန်းပြောကြားသွားပါတယ်။
ကြံခင်းမြို့မရဲစခန်းက ရဲတပ်ကြပ် တာရာလင်းနဲ့ ရဲတပ်သားသူရိန်လင်း တို့ ညီအစ်ကို နှစ်ယောက်ဟာ စစ်အာဏာရှင်လက်အောက် တာဝန်ထမ်းဆောင်လိုခြင်းမရှိတာကြောင့် ဖေဖော်ဝါရီ ၂ ရက်နေ့ကတည်းက စတင် အာဏာဖီဆန် CDM ပြုလုပ်ခဲ့လို့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
ကြံခင်းမြို့ခံတစ်ဦးက “သူ့တို့ညီအစ်ကို နှစ်ယောက်က (CDM)ကို အရင်ဆုံးလုပ်တာ။ သတင်းကို တခြားရဲတပ်ဖွဲ့ဝင်တွေ သိမှာစိုးလို့ ထိမ်ချန်ထားတယ်။ ကြံခင်းမြို့ရဲ့ ပထမဆုံး CDM သူရဲကောင်းပါပဲ။ သူတို့မိသားစုတွေကိုလည်း ကူညီဖို့မြို့ခံတွေက လုပ်ဆောင်နေပါပြီ” လို့ ပြောပါတယ်။
အဆိုပါ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို ကြံခင်းရဲစခန်းက ဘယ်လို အရေးယူမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။