စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်က စစ်အာဏာရှင်ပြုတ်ကျရေး အထွေထွေသပိတ်စစ်ကြောင်းဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာတော့ မြို့ပေါ်က မြန်မာ့စီးပွားရေးဘဏ်ရှေ့နဲ့ မြို့တွင်းလမ်းမကြီးတွေမှာ အင်အား ၄ သောင်းကျော်ဖြင့် စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံအား တရားစွဲဆိုမှု ပုဒ်မ ထပ်တိုးပြီးနောက် အထွေထွေသပိတ်စစ်ကြောင်းမှာ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေအများအပြား ပါဝင်ပြီး အရင်ရက်ကထက် ပိုမိုများပြားလာတယ်လို့ သိရပါတယ်။
သပိတ်စစ်ကြောင်းမှာ ပါဝင်သူ မြင်းမူမြို့ဒေသခံတစ်ဦးက “ဝန်ထမ်းတွေထဲက ကျန်းမာရေး၊ ပညာရေး၊ မြေစာရင်း စတဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ ပိုမိုပါဝင်လာတာ တွေ့ရတယ်။ ဒါပေမဲ့ ကျနော်တို့မြို့က အထွေထွေအုပ်ချုပ်ရေးဌာနက ပါလာတာမတွေ့ရသေးတဲ့အတွက် စိတ်ပျက်မိတယ်။ အခု ဒီနေ့ဆို အရင်ရက်ကထက် အင်အား ပိုမိုများပြားလာတယ်။ စထွက်တုန်းက အင်အားသိန်းချီများပေမယ့် ဒီကြားရက်တချို့မှာ ၂ သောင်းလောက်ပဲ ရှိရာကနေ ဒီနေ့က အင်အား ၄ သောင်းကျော်အထိ ပြန်လည်အင်အားများလာဝာာ တွေ့ရတယ်။ မနေ့က နိုင်ငံတော်အတိုင်ပင်ခံကို စစ်အာဏာရှင်တွေဘက်က ပုဒ်မထပ်တိုး တရားစွဲတာနဲ့ဆိုင်မယ်လို့ ယူဆရတယ်” လို့ ပြောပါတယ်။
ဆန္ဒပြသပိတ်မှောက်ရာမှာ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အာဏာရှင်ဆန့်ကျင်ရေးမှာ ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ဖို့၊ စစ်ကောင်စီဝင်တွေအနေနဲ့ အာဏာစွန့်လွှတ်ဖို့ အပါအဝင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အကောင်ထည်ဖော်ဖို့နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ CDM မှာ ပြည်သူ့ဝန်ထမ်းများ ဒီ့ထက်ပိုမိုပါဝင်လာကြဖို့ကို တောင်းဆိုခဲ့ကြပါတယ်။
မြင်းမူမြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေးသပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီ ၃ ရက်နေ့က စတင်ခဲ့တာဖြစ်ပါတယ်။
ရန်နိုင်စိုး