Home
မေးမြန်းခန်း
အန်အယ်လ်ဒီပါတီရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ရပ်ကျေးအထိ တိုးချဲ့ဖွဲ့မည်
ရွှေအောင်
·
October 6, 2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကော်မတီကို ရပ်ကွက်နဲ့ ကျေးရွာအထိ တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ ကော်မတီရဲ့ ဒုဥက္ကဋ္ဌ တော်ဝင်နှင်းဆီဦးစိုးညွန့် က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဝင်များနဲ့ အကြံပေးပုဂ္ဂိုလ်များ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို တော်ဝင် နှင်းဆီခန်းမမှာ အောက်တိုဘာ ၆ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပုံ သတင်းကို ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ရှင်းပြ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တွေ့ဆုံပွဲ တက်ရောက်ခဲ့ကြတဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးဖြစ်ခဲ့ကြပုံတွေ အကြောင်းကို အဖွဲ့ချုပ်ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဒုဥက္ကဋ္ဌ တော်ဝင်နှင်းဆီ ဦးစိုးညွန့်က ခုလို ပြောပြသွားပါတယ်။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဆိုပြီးတော့ ဗဟိုအဆင့်ဖွဲ့လိုက်ပါတယ်။ အဲဒီအဖွဲ့မှာ ဦးတင်ဦးက နာယကဖြစ်ပါတယ်။ ဦးထွန်းထွန်းဟိန်က ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ကျနော်က ဒုဥက္ကဋ္ဌ ဖြစ်ပါတယ်။ အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့ထားပါတယ်။ ဒီနေ့ အခမ်းအနားက ကျနော်တို့ကော်မတီနဲ့ ပညာရှင်တွေနဲ့ မိတ်ဆက်တဲ့ ပွဲလေးပါပဲ။” ဒီနေ့ အခမ်းအနားကို ဘယ်သူတွေ တက်ရောက်လဲ မသိဘူးခင်ဗျ။ “ဒီနေ့ တက်ရောက်တဲ့သူတွေကတော့ ဦးအုန်း တက်ပါတယ်။ ဦးရဲမြင့် တက်ပါတယ်။ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်တက်ပါတယ်။ ဓာတုဗေဒ ပညာရှင် ဒေါက်တာခင်မောင်ညို တက်ပါတယ်။ ထားဝယ်တက္ကသိုလ်က အငြိမ်းစား ပါမောက္ခ ဒေါ်စိန်စိန်သိန်း တက်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း အတွင်းရေးမှူး ငှက်ပညာရှင် ဦးသက်ဇော်နိုင် တက်ပါတယ်။ ငါးလုပ်ငန်း ဦးစီးဌာနက အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှဝင်း၊ သတ္ထုတွင်းက အင်ဂျင်နီယာ ဦးစောမိုးမြင့် တက်ပါတယ်။ ဟိုဘက်က ဘယ်သူတက်လဲဆိုတော့ ဦးဝင်းမြင့်သူ၊ ဒေါက်တာ ဦးမောင်ညို၊ ဦးသန်းမြင့်၊ သတ္ထုတွင်း ပညာရှင် ဦးဝင်းမြင့်၊ ဦးတင်မြင့်စော၊ ဦးအောင်မျိုးထွဋ် အဲဒီပုဂ္ဂိုလ်တွေ တက်ပါတယ်။” ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အစိုးရပိုင်းက လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ပါသလားဗျ။ “အစိုးရက လုပ်ရမယ့်အပိုင်းထဲမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရပိုင်းက မလုပ်ဆောင်နိုင်သေးတဲ့အချက်တွေ၊ သဘာဝ ပတ်ဝန်းကျင် ဥပဒေဆိုတာကလည်း ပီပီပြင်ပြင် မရှိဘူးပေါ့ဗျာ။ တကယ်တမ်း လုပ်ရမယ်ဆိုရင် အများကြီးလုပ်ရမယ်။ ဒီအတိုင်းသာ လွှတ်ထားလို့ရှိရင် မြန်မာပြည်ကြီးက မကြာခင်မှာ ထိန်းမနိုင် သိမ်းမရဖြစ်လာအောင် ရာသီဥတုတွေ ယိုယွင်းပြီး ကပ်ဘေးဒုက္ခတွေ ကျရောက်သွားနိုင်တယ်ပေါ့။ ကျနော်တို့ချိန်တာ အကုန်လုံးကို ဒုက္ခရောက်သွားနိုင်တယ်ပေါ့ဗျာ။ လူတွေရဲ့ စားဝတ်နေရေးတို့ အခြေခံ စီးပွားရေးတို့ အကုန်ပျက်လာမယ်။ ကျန်းမာရေး ထိခိုက်လာမယ်ဆိုရင် ကပ်ကြီးတွေ အသွင်ဆောင်လာမယ်။ တဖက်က သယံဇာတတွေ ဘယ်လောက်ပဲပေါပေါ ဒီဟာကို အချိန်မှီ မထိန်းသိမ်းနိုင်ဘူးဆိုလို့ရှိရင် ကျနော်တို့နိုင်ငံက ရေရှည်ကောင်းမှာ မဟုတ်ဘူး။” လတ်တလောဖြစ်နေတဲ့ သဘာဝ ပတ်ဝန်းကျင်ကိစ္စတွေကို ဘယ်လိုထိန်းသိမ်းမလဲဗျ။ “နှစ်ပေါင်းများစွာ သဘာဝပတ်ဝန်းကျင်ကိုလည်း ဘယ်သူမှ စိတ်မ၀င်စား တဲ့အပြင် သယံဇာတတွေ အလွန်အကျွံထုတ်ထားခဲ့တာတွေ (ဥပမာ - မြစ်ဆုံ ကိစ္စတွေ) ပညာရှင်တွေနဲ့ တိုင်ပင်တာ မဟုတ်ပဲနဲ့ စိတ်ကူးတည့်ရာတွေ လုပ်ခဲ့တာဆိုတော့ ဒဏ်ရာက သိပ်ပြင်းတယ်ဗျ။ ပြန်လည်ကုစားဖို့ဆိုတာ တော်တော်လေး ခက်တယ်။ အနှစ် ၂၀ ကျော်က ဖြစ်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေက တော်တော်ပြင်းတော့ ကျနော်တို့က ကုစားနေရတယ်။ ကုစားတာ တခုတည်းတင် မဟုတ်ပဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်းနဲ့ ဖွဲ့စည်းပုံပြင်မယ် ဆိုတဲ့ လမ်းကြောင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ လမ်းကြောင်းတွေကလည်း အရေးတကြီးဖြစ်နေတယ်။ ဘယ်ဟာကို အရင်စလုပ်ရမလဲဆိုတာမျိုးက ကျနော်တို့က စဉ်းစားရတယ်လေ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကောင်းမှသာလျှင် အားလုံးဟာ ကောင်း သွားမှာကိုး။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေဆိုလည်း ကောင်းလာမယ်။ အကုန်လုံး ကျနော်တို့လိုချင်တဲ့ ကိစ္စတွေက ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ကိုက်သွားရင် ကောင်းသွားမယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေက လက်တလော အရေးကြီးတာ သိတယ်။ ဒါတွေက တည်ငြိမ်ပြီး ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ဆိုရင် သိပ်လုပ်လို့ ကောင်းတာပေါ့။ ကျနော်တို့မှာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ဘာကို စလုပ်လို့ လုပ်ရမှန်းမသိဘူး။” သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေကို ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး ဘာတွေ ဆက်လုပ်ဖို့ရှိလဲဗျ။ “ကျနော်တို့က ဘာပဲပြောပြော ဒါက လွှတ်တော်ပြင်ပ လှုပ်ရှားမှုပေါ့ဗျာ။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် ၄၀ လောက်ကို လွှတ်တော်ထဲမှာ မေးနိုင် မြန်းနိုင်အောင် လိုအပ်ချက်တွေ ပေးနိုင်အောင် ပညာရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ လမ်းကြောင်းတခု ဖန်တီးထားတာပဲ။ ကျနော်တို့ ကိုယ်တိုင် ဥပဒေတွေကို ဘာတွေ ပြုတော့မယ်ဆိုရင် ပညာရှင်တွေက ပြဌာန်းတာ ကောင်းတယ်ဗျ။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေက နိုင်ငံရေး အလုပ်လုပ်ပြီးတော့မှ ပညာရှင်တွေက ကျွမ်းကျင်ရာ ဘာသာရပ်အလိုက် သူတို့ရဲ့ အတွေ့အကြုံ ထဲက ထုတ်နုတ်ပြီးတော့မှ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ တကယ်စေတနာထားပြီး လုပ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းက အောင်မြင်မှာဘဲ။” ပြည်သူလူထုကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ပေးဖို့ကော ရှိလား။ “လတ်တလောက တည်ထားတဲ့ သဘောပဲရှိတယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာ ဖွဲ့မယ်။ ကျေးရွာအထိ ကျနော်တို့ ဖွဲ့မယ်။ အဲဒီက ရတဲ့အချက်အလက်တွေယူပြီး တက်လာတဲ့ ယူပြီး ပညာရှင်တွေနဲ့ တိုင်ပင်ပြီး တားသင့်တာတားမယ်။ အားပေးသင့်တာ အားပေးမယ် ဒါမျိုးလုပ်မယ်။ သင်တန်းတွေလည်း ပေးဖို့ရှိတယ်။ ပြည်သူမပါပဲ ဘာမှ လုပ်လို့ မရဘူး။ ပြည်သူသိအောင် ကျနော်တို့ ဦးစားပေးပြီး လုပ်မယ်။ သဘာဝ ပတ်ဝန်းကျင်ကိစ္စက ရေရှည် ဆောင်ရွက် ရမယ့် ကိစ္စဖြစ်နေတယ်။ သဘာဝ ပတ်ဝန်းကျင် ပညာရှင်တွေနဲ့ အန်အယ်လ်ဒီ ရှေ့လျှောက် လက်တွဲ လုပ်ဆောင်ဖို့ ဘယ်လို အခြေအနေရှိလဲဗျ။ “ကျနော်တို့ မအားမလပ်ကြားထဲက တော်တော်ကို ကြိုးစား လုပ်ရမယ်။ ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး နည်းနည်းစိမ်းနေတော့ ကျနော်တို့က စာတွေ ပြန်ဖတ်ရတယ်။ ပညာရှင်တွေကို စုစည်းပေးရတယ်။ ပညာရှင်တွေ လိုအပ်တဲ့ ပစ္စည်းတွေ စာအုပ်စာတမ်းတွေ အချက်အလက်တွေကို ပံ့ပိုးပေးရတယ်။ အန်အယ်လ်ဒီအနေနဲ့က အခုမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဆိုတာ ပေါ်လာတဲ့အခါ ဒီဘာသာရပ်နဲ့ စိမ်းနေတဲ့အခါကျတော့ ပညာရှင်တွေကိုပဲ ဦးထိပ်ပန်ရမှာပဲလေ။ ပညာရှင်တွေက တက်ကြွပါတယ်။ ပညာရှင်တွေဘက်ကလည်း တက်သမျှ ပညာတွေကို ပုံချပြီးတော့ ၀ိုင်းဝန်းကူညီပါမယ်ဆိုတဲ့ ကတိတွေ ပေးသွားကြတာပေါ့ဗျာ။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဥက္ကဋ္ဌက ဦးထွန်းထွန်းဟိန် ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024