DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို အွန်လိုင်းမှရုံးထုတ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အမှုထပ်တိုး
DVB
·
February 16, 2021
သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို အွန်လိုင်းမှရုံးထုတ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အမှုထပ်တိုး
Donate to DVB

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ဖေဖေါ်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက Video Conferencing နဲ့  ရုံးထုတ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် နောက်ထပ် အမှုတစ်ခု ထပ်တိုး လိုက်ပါတယ်။ 

သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးစီမံခန့်ခွဲမှုအက်ဥပဒေနဲ့ အမှုဖွင့်ထားတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ဖေဖေါ်ဝါရီ ၃ ရက်က  အမှုဖွင့် ဖမ်းဆီး ရမန်ယူထားတာပါ။

ဒီနေ့ Video Conferencing နဲ့ ရုံးထုတ်ရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို  သဘာဝဘေးစီမံခန့်ခွဲမှုအက်ဥပဒေ ပုဒ်မ ၂၅ နဲ့  နောက်ထပ်အမှုတစ်ခုတိုးပြီး တရားစွဲထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“အမှုတွေကတော့ ကျနော်တို့သိထားတဲ့ဟာနဲ့ နည်းနည်းလေးကွာသွားတယ်နော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က  အမှုကို နဂိုကကျနော်တို့သိထားတာက ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ  ၈ နဲ့ စွဲထားတဲ့တစ်ခုပဲရှိတယ်။  ရမန်ယူတာ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ တစ်မှု အဲဒီအမှုက အမှုနံပါတ် ၃၈ /၂၀၂၁ ဗဟိုပြည်သူ့တရားရုံးမှာ၊  အခုတော့ နောက်တစ်မှုကတော့ သဘာဝဘေး အန္တရာယ်စီမံမှု ဥပဒေပုဒ်မ ၂၅ ပေါ့နော်  အဲဒါကတော့ အမှုနံပါတ် ယာယီ ၃၇ ပေါ့ ၊ အဲဒီ ၂ မှုနဲ့ဖြစ်ပါတယ်။ အဲတော့ အဲဒီ ၂ မှုနဲ့တင်တဲ့အခါမှာ ဒီအမှုကိုကိုင်တွယ်တဲ့ တရားသူကြီးကနေပြီးတော့ ကျနော်တို့ကိုပြောပြတယ်လေ” 

သာမန်အားဖြင့် အမှုရုံးတင်တဲ့နေရာမှာ ကာယကံရှင်တွေ စွပ်စွဲခံရသူတွေကိုလည်း ရုံးတော်ကိုခေါ်ဆောင် အမှုကိုတင်လေ့ရှိပြီး  အခုအမှုမှာ  Video Conferencing နဲ့ အမှုရုံးထုတ်တာဖြစ်ပါတယ်။ ရုံးထုတ်ရာမှာ တရားလိုဘက်က ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ ပါဝင်ပြီး နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နှစ်ယောက်ကတော့  အသီးသီးထိန်းသိမ်းခံထားရတဲ့ နေရာ နှစ်ခုကနေပြီးတော့ Video Conferencing စနစ်နဲ့ တရားသူကြီးနဲ့တွေ့ဆုံတယ်လို့ သိရပါတယ်။

ဒီနေ့ပြုလုပ်တဲ့ Video Conferencing နဲ့ ရုံးထုတ်မှုကိုတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်အနေနဲ့ အမှုသည်ထံက ခွင့်ပြုပါဝါမရရှိသေးတဲ့အတွက် ဝင်ရောက် ကြားနာခွင့် တော့ မရခဲ့ပါဘူး။

“အဲဒီမှာ ကျနော်တို့က ပါဝါမပါသေးတော့ ကျနော်တို့က ဝင်လို့မရပါဘူး။ Video Conferencing လုပ်တဲ့အခါမှာ တရားသူကြီးက ပြောတာကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မေးပါတယ်။ အမှုအကြောင်းပြောပြတယ်။ အမှုရဲ့ပုံစံအတိုင်းပဲ အမှုတင်တဲ့နေ့က အတိုင်းဘဲ ရှေ့နေလွှဲမလား၊ ရှေ့နေကိုလွှဲဖို့ ရှေ့နေကို တာဝန်ပေးဖို့ သဘောထားရှိသလားဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ရှိတယ်လို့ပြောပါတယ်တဲ့အဲတော့ ဘယ်သူ့ကို တာဝန်ပေးမလဲဆိုတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီအဖွဲ့ နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်ပေးတဲ့ရှေ့နေလို့ သူပြောပါတယ်။ အဲဒီနှစ်မှုစလုံးအတွက်ပေါ့နော်။ နိုင်ငံတော်သမ္မတကြီးကတော့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ပဲ သူ့ရဲ့အမှုနဲ့ ပတ်သက်တာ တဆက်တည်းပါပဲ ရာကြီး ၃၆/၂၀၂၁ ပါ။ အဲတော့ နိုင်ငံတော်သမ္မတကြီး အတွက်လည်း ကျနော်တို့ကဆောင်ရွက်ပေးဖို့ နဂိုကတည်းက ပြောထားတာရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖြစ် တရားဝင်ဆောင်ရွက်ခွင့်ရဖို့အတွက် ဇမ္ဗူသီရိမြို့နယ် စခန်းမှူးကတဆင့် ဆောင်ရွက်သွားရမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံက ခွင့်ပြုလက်မှတ်ရရှိပါက တွေ့ခွင့်ရဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲထားတဲ့ အမှုအတွက် နောက်လာမယ့် ရုံးချိန်းကိုတော့ လာမယ့်  မတ်လ ၁ ရက်နေ့မှာ ပြုလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013