Home
မြန်မာသတင်း
မြစ်ကြီးနားသတင်းထောက်များ ပြန်လွတ်လာ
DVB
·
February 15, 2021

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက် ည ၉ နာရီက တပ်မတော်က ဖမ်းဆီးခဲ့တဲ့ သတင်းထောက်တွေ ဒီကနေ့ နေ့လယ် ၁၂ နာရီကျော်မှာ ပြန်လွတ်မြောက်လာ ခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ မလိရေအားလျှပ်စစ်စက်ရုံကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စစ်တပ်ကဝိုင်းထားတဲ့အတွက် စစ်သားတွေပြန်ထွက်ပေးဖို့တောင်းဆိုကြတဲ့ ပြည်သူတွေရဲ့ အခြေအနေကို သတင်းရယူနေတဲ့ သတင်းထောက် ၅ ယောက် ဖမ်းခံရတာဖြစ်ပါတယ်။

“ကျနော်တို့ကို အချုပ်ကားပေါ်မှာတင်ပြီး တစ်ညလုံးနီးပါး တစ်မြို့လုံး ပတ်မောင်းနေတာပါ။ ပြီးတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ထဲကို ခေါ်သွားတာအခု ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) က ကျနော်တို့ကို လာခေါ်ပေးတာပါ”လို့ Mizzmia သတင်းထောက် ကိုဆိုင်းလတ်အောင်က ပြောပါတယ်။

မြစ်ကြီးနားအခြေစိုက် ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်မှ သတင်းထောက် ၂ ယောက်၊ The 74 media က သတင်းထောက် ၂ ယောက်နဲ့ Mizzmia က သတင်းထောက်တစ်ယောက်တို့ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖုန်းတွေ၊ ကင်မရာတွေ သိမ်းဆည်းခဲ့ပေမဲ့ ဖုန်းထဲက အချက်အလက်တွေတော့ မဖျက်ထားဘူးလို့ သိရပါတယ်။

မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်က မလိရေအားလျှပ်စစ်စက်ရုံထဲကို ဝင်ရောက်နေတဲ့ စစ်ကားတွေနဲ့ တပ်မတော်သားတွေ ပြန်ထွက်ခွာဖို့ ဝန်းရံပြည်သူတွေက သံပုံးတီးနေစဉ် လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်ပစ်ဖောက် လူစုခွဲတာ၊ ရေကားတွေအသုံးပြုပြီး ဖြိုခွင်းတာနဲ့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ ပါတယ်။

သတင်း - မီးမီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024