ရန်ကုန် စမ်းချောင်းမြို့နယ်မှာ မနေ့ညက ညအချိန်မတော် ရပ်ကွက်ထဲဝင်လာသူတွေကို ရပ်ကွက်နေသူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး စိတ်မနှံ့သူတယောက်နဲ့ အရက်မူးနေသူ တယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။
ရှမ်းလမ်းထဲမှာ ဖမ်းမိခဲ့သူတယောက်နဲ့ ပတ်သက်ပြီး ဒေသခံတယောက်က “ည ၉ နာရီခွဲ ၁၀ နာရီဝန်းကျင်၊ လမ်းထဲမှာ သံပုံးတီးနေတုန်း လူတယောက် လျှောက်ပြေးနေပြီး မပြေးနိုင်တော့လို့ ဘတ်စ်ကားမှတ်တိုင်မှာ ထိုင်နေတာ။ သူ့ကို မေးတော့လည်း ဘာမှ မဖြေနိုင်ဘူး။ သူ့ ဒူးဆစ်အထက်မှာ မင်နဲ့ရေးထားတဲ့ အဝိုင်းတွေ၊ လေးထောင့်တွေနဲ့ ဂဏန်းတွေလည်း တွေ့ရတယ်။ သူ့ကို ညဘက်ရပ်ကွက်မှာပဲ ထိန်းထားတယ်။ ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်တော့ သူ့မိသားစုက တွေ့ပြီး ဆက်သွယ်လာတာ။ စိတ်မနှံ့တဲ့သူပါ” လို့ ပြောပါတယ်။
မြေနီကုန်းမှာလည်း မနေ့ညက ၉ နာရီလောက်က လူ ၄ ယောက်ကို ကင်းသမားတွေက ဖမ်းမိခဲ့ပြီး တယောက်ကတော့ အရက်မူးနေတဲ့ ပန်းထိမ်ဆရာဖြစ်လို့ သူ့အလုပ်ရှင်က လာခေါ်သွားပါတယ်။
ဒေသခံ တယောက်က “ကျနော်တို့က ဂရုပ်ထဲမှာ တင်လိုက်တော့ သူ့ဆရာက လာခေါ်သွားတယ်။ သူ့ကို ဖမ်းနေတုန်းမှာ ၂ ယောက်က ကားပေါ်မှာ အိပ်နေသူဆီက ပိုက်ဆံအိတ်နှိုက်နေတုန်းမိတာ။ နောက် အဖိုးကြီးတယောက်ကိုလည်း အဲဒီအချိန်မှာ မိတယ်။ ဟိုလူငယ် ၂ ယောက်ကို မေးတော့ သူတို့ကို သန်လျင်ကနေ ငွေပေးပြီး ခေါ်လာတာတဲ့။ ဒီမှာ ခိုးခိုင်းတာလို့ ပြောတယ်။ ကျနော်တို့ သူတို့ကို ရှေ့နေနဲ့ သေချာစစ်ထားတာပါ။ ရဲစခန်းကို ဖုန်းဆက်တော့ ရဲကလည်း စခန်းကို ခေါ်ပြီးရင် ပြန်လွှတ်ရမယ်လို့ပဲ ပြောတယ်။ ဒါကြောင့် သူတို့ကို ခေါင်းတုံးတုံး မျက်ခုံးတွေရိတ်ပြီး ဒီမနက်မှာ ရဲစခန်းကို ပို့လိုက်တယ်” လို့ ပြောပါတယ်။
သူတို့ရပ်ကွက်လူတွေ စည်းဝေးပြီး အလှည့်ကျ ကင်းစောင့်ဖို့၊ အချင်းချင်း ချိတ်ဆက်ထားဖို့၊ လိုအပ်မှ သံချောင်းခေါက်ဖို့ကိုလည်း အသိပေးထားပြီး လုပ်နေတယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း စမ်းချောင်း ဝေဠုဝန်ရပ်ကွက်မှာ လူစိမ်း ၃ ယောက် ဖမ်းမိခဲ့ပါသေးတယ်။