အာဏာရှင်စစ်အစိုးရကို ဆန့်ကျင်ပြီး CDM မှာပါဝင်နေကြတဲ့ ဝန်ထမ်းတွေကို CDM ထောက်ပံ့ရေးကွန်ရက်တွေကနေ ထောက်ပံ့ငွေ စပေးနေပြီလို့ သိရပါတယ်။
အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ အစိုးရဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။
အခုလို စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး CDM မှာပါဝင်နေတဲ့ ဝန်ထမ်းတွေထဲက အခက်အခဲ ရှိနေတဲ့ ဝန်ထမ်းတွေကို မြို့နယ်အလိုက် CDM ထောက်ပံ့ရေးကွန်ရက်တွေဖွဲ့ပြီး ငွေကြေး ထောက်ပံ့မှု စတင်ပြုလုပ်နေကြတာပါ။
အင်းစိန် CDM ထောက်ပံ့ရေးကွန်ရက်အနေနဲ့ CDM မှာ အမှန်တကယ် ပါဝင်နေသူဖြစ်ပြီး မိမိတို့မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေနဲ့ မြို့နယ်အတွင်းမှာ နေထိုင်သူ ဌာနဆိုင်ရာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို အဓိကထောက်ပံ့ပေးနေတယ်လို့ အင်းစိန် CDM ထောက်ပံ့ရေးကွန်ရက် အဖွဲ့ဝင်တဦးက ပြောပါတယ်။
CDM မှာပါဝင်နေပြီး အခက်အခဲရှိလို့ ထောက်ပံ့ရေးကွန်ရက်တွေကို ဆက်သွယ်လာတဲ့ ဝန်ထမ်းတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ စက်ရုံဝန်ထမ်းတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ မီးရထားဝန်ထမ်းတွေ၊ လျှပ်စစ်ဝန်ထမ်းတွေ၊ ထွေအုပ်ဝန်ထမ်းတွေ အပါအဝင် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေက အကူအညီ တောင်းခံနေကြတာ ဖြစ်ပါတယ်။
မြို့နယ် CDM ထောက်ပံ့ရေးကွန်ရက်တွေအနေနဲ့ ထောက်ပံ့မှုတွေကို ရေရှည် ၃ လကနေ ၆ လအထိ ထောက်ပံ့နိုင်ဖို့ ပြင်ဆင်ထားပြီး ငွေကြေးအပါအဝင် နေထိုင်စရာနေရာနဲ့ အစားအသောက်တွေကိုပါ ထောက်ပံ့ပေးနေတာလို့ CDM ထောက်ပံ့ရေးကွန်ရက်အဖွဲ့ဝင် ဒေါ်ခိုင်ခိုင်လှိုင်က ပြောပါတယ်။
လတ်တလောမှာ ရန်ကုန်တိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ CDM မှာပါဝင်နေတဲ့ ဝန်ထမ်းတွေကို အာဏာသိမ်းစစ်အစိုးရကနေ ခြိမ်းခြောက်တာတွေ၊ ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။
အခုလို ခြိမ်းခြောက် ဖမ်းဆီးမှုတွေ ရှိနေပေမယ့် အရေးတော်ပုံ အောင်မြင်ဖို့ CDM ဟာ အရေးကြီးတဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ ကြောက်ရွံ့မနေပဲ CDM မှာ ဆက်လက်ပြီးတော့ ပူးပေါင်းပါဝင်ပေးကြဖို့ CDM ထောက်ပံ့ရေးကွန်ရက်တွေက တောင်းဆိုလိုက်ပါတယ်။
ဆုဆုသွယ်