A d v e r t i s e m e n t With Us

၂၀၂၁ အုံကြွမှုနဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ဘယ်လဲ

အာဏာသိမ်းမှု ဖြစ်လာတော့ တလျှောက်လုံး အာဏာရှင်စစ်အစိုးရဘက်ကို ရပ်တည်ပေးဖူးတဲ့ တရုတ်အပေါ် မြန်မာနိုင်ငံသားတွေ အတော်အမြင်စောင်းလာပြန်တာ တွေ့ရတယ်။ ဒါကလည်း မဆန်းပါဘူး။ အာဏာရှင်နိုင်ငံနောက်တွေမှာ ရပ်ပေးဖူးတဲ့ အစဉ်အလာမျိုးတွေ ရှိခဲ့တယ် မဟုတ်ပါလား။

လတ်တလော ၂၀၂၁ လူထုအရေးတော်ပုံမှာ ဆိုရင်လည်း တရုတ်သံရုံးအရှေ့ ဆန္ဒပြပွဲတွေဟာ ခပ်စိပ်စိပ်ဖြစ်လာနေပြီး တခြားနေရာက ဆန္ဒပြပွဲတွေမှာလည်း အာဏာသိမ်းပြီးပြီးချင်း ကျင်းပတဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာဆိုရင် မြန်မာ အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ကြေညာချက်တစောင် ထုတ်ဖို့တောင် တရုတ်နဲ့ ရုရှားရဲ့ ဟန့်တားမှုကြောင့် မဖြစ်နိုင်ခဲ့ပါ။ တည်ငြိမ်ရေး၊ ဥပဒေမူဘောင်ထဲကအတိုင်း ရှင်းဖို့သာ တရုတ်က အကြောင်းပြခဲ့တယ်။

တချိန်တည်းမှာလည်း အာဏာသိမ်းပြီးပြီးချင်း ပြည်တွင်းထဲ ငြိမ်သက်သလို ဖြစ်နေတာကို အခြား နိုင်ငံတကာသံတမန်တွေကတော့ ဆန္ဒပြပွဲဖြစ်တာ မတွေ့ရဘူးဆိုတဲ့ မှတ်ချက်အချို့ တွေ့ရတယ်။

သဘောက မြန်မာအနေနဲ့ သူ့ဘာသာသူ အာဏာလက်ပြောင်းလက်လွှဲရယူမှုလို့ အကြောင်းပြချင်ခဲ့သလား (သို့တည်းမဟုတ်) အာဏာသိမ်းအစိုးရနဲ့ လက်ဝါးချင်း ကြိုရိုက်ထားခဲ့သလား ဒွိဟပွားစရာဖြစ်ခဲ့တယ်။

(က) တရုတ်အတွက် ခေါင်းမခဲရတဲ့ အခြေအနေမျိုး ရောက်နိုင်တဲ့ပုံစံ

မြန်မာ့အာဏာသိမ်းမှု ရုပ်ပုံကားချပ် ပီပီပြင်ပြင် ပေါ်လာပြီးတဲ့နောက်မှာတော့ တရုတ်ဟာ မြန်မာ့ဒီမိုကရေစီ ဆိုင်းငံ့ ပယ်ဖျက် (အခန့်မသင့်ရင် ကာလအတန်ကြာပျောက်နိုင်) ထားခံရမှုမှာ အဓိက အကျိုးကျေးဇူးဖြစ်ထွန်းတဲ့ တိုင်းပြည်ဖြစ်နေတယ်လို့ ဘာတေးလ်လစ်တနာက ဖေဖော်ဝါရီ ၄ ရက်နေ့က Asia Times က ဖော်ပြတဲ့ ဆောင်းပါးတပုဒ်မှာ မှတ်ချက်ပြုထားတယ်။

အဲဒီ ဖေဖော်ဝါရီ ၄ ရက်ဆိုတာ မြန်မာပြည်မှာ လူထု ဆန္ဒပြပွဲတွေ လောက်လောက်လားလား မဖြစ်သေးပါ။ တကယ်လို့ အဲဒီအခြေအနေအတိုင်းသာ အာဏာသိမ်းအစိုးရက ဆက်ထိန်းနိုင်ခဲ့ရင် တရုတ်အနေနဲ့ လွန်ခဲ့တဲ့ ၇ နှစ်အတွင်း မြန်မာနဲ့ ဆက်ဆံသလို အလွှာအလိုက်၊ ဒေသအလိုက် ဆက်ဆံရေးတွေ ထူထောင်ပြီး သူ့အကျိုးအတွက် ဆက်ဆံရတာမျိုး ခဲရာခဲဆစ် လုပ်ရတော့မှာ မဟုတ်ပါဘူး။ ဒါက အခြေအနေအလိုက် ပြောင်းလဲတာမျိုးမဟုတ်ဘဲ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ ပုံစံကြောင့်ပဲဖြစ်ပါတယ်။

ပြန်ကြည့်ရင် ၂၀၁၃ လောက်က စလို့ တရုတ်အနေနဲ့ မြန်မာကို အဆင့် ၆ ဆင့်လောက် ခွဲခြားသတ်မှတ်ပြီး ဆက်ဆံနေခဲ့ရပါတယ်။

အဆင့်မြင့်အရာရှိ ခေါင်းဆောင်များ ဆက်ဆံမှုနဲ့ အပြန်အလှန် ခရီးစဉ်များ၊ အစိုးရဌာနချင်း ဖြစ်စေ၊ ပါတီချင်း ကွန်မြူနစ်ပါတီနဲ့ဖြစ်စေ သင်တန်း အစီအစဉ်များ၊ အလည်အပတ်ခရီးစဉ်များ၊ စစ်တပ်အကြား ဆက်ဆံရေး၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အန်ဂျီအိုတွေနဲ့ ဆက်ဆံရေး၊ ပြည်နယ်ချင်းနဲ့ ဒေသန္တရအစိုးရ အုပ်ချုပ်သူတွေအချင်းချင်း ဆက်ဆံရေး (အဲဒီဆက်ဆံရေးမှာ ၀၊ မိုင်းလား၊ KIO ထိန်းချုပ်နယ်မြေက အုပ်ချုပ်သူတွေနဲ့ ဆက်ဆံရေးတွေလည်းပါဝင်)၊ ယဉ်ကျေးမှု ကိုးကွယ်ယုံကြည်မှု ဆက်ဆံရေး သတင်းမီဒီယာ ကဏ္ဍတို့လို ကိစ္စတွေပါဝင် (ဗုဒ္ဓမြတ်စွယ်တော် ပင့်တာ၊ တရုတ်ရဲ့ မြန်မာဘာသာနဲ့ ထုတ်လွှင့် ဖြန့်ဝေတဲ့ သတင်းမီဒီယာလို ကိစ္စတွေအပြင် မီဒီယာတွေကို တရုတ်ပြည်ဖိတ်တာမျိုးကအစ ပါဝင်) ပါတယ်။

အဲဒီလို ဆက်ဆံရေး လုပ်နေရတဲ့ အခြေအနေမှာ အာဏာမဏ္ဍိုင် ၃ ရပ်လုံး အာဏာသိမ်းကောင်စီဆီ ရောက်လာတာကြောင့် အစိုးရချင်း ဆက်ဆံရေးက လွဲလို့ ကျန်အလွှာလိုက် ဆက်ဆံမှုတွေကို လျှော့ချလို့ရတဲ့ အခြေအနေမျိုးတောင် ကြုံရနိုင်တာပါ။

ဒါက မဆန်းပါဘူး။ အာဏာသိမ်းလိုက်ပြီဆိုရင် ဒီမိုကရေစီက ပျောက်သွားလို့ တခြားမီဒီယာ အရပ်ဘက်အဖွဲ့အစည်း၊ အာဏာမရှိတဲ့ နိုင်ငံရေးပါတီတွေ လူထုအသံထင်ဟပ်ဖို့ ကြိုးပမ်းမှုတွေက အများကြီး ပျောက်ကွယ်သွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဥပမာအားဖြင့် လွန်ခဲ့တဲ့ ၉ နှစ်အတွင်း တရုတ်စီမံကိန်းအချို့ကို ကြည့်ရင် အစိုးရချင်း သဘောတူရုံသက်သက်မျှနဲ့ မပြီးဘဲ လူထု ကန့်ကွက်မှုတွေကြောင့် ယာယီရပ်ဆိုင်းထားရတဲ့ ကိစ္စမျိုးတွေဟာ အာဏာသိမ်းကောင်စီ လက်ထက်မှာ အလားတူ ကန့်ကွက်မှုလုပ်ဖို့ ခက်နိုင်တဲ့ အခြေအနေမျိုးပါ။

(ခ) တရုတ်ရဲ့ အခြေအနေအလိုက် အစီအစဉ်ဆိုတာ

တဘက်မှာလည်း တရုတ်ရဲ့ အခြေအနေအလိုက် ကမ္ဘာ့နိုင်ငံတွေအလိုက် ပြောင်းလဲကျင့်သုံးနေတဲ့ နိုင်ငံခြားရေးမူဝါဒကို လေ့လာဖို့လိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ က တရုတ်ဖွံ့ဖြိုးလာမှုကို ငြိမ်းချမ်းစွာ ဖွံ့ဖြိုးလာခြင်းလို့ အမည်ပေးတာလည်း ရှိပါတယ်။

အမေရိကန် ဦးဆောင်ခဲ့တဲ့ ဂလိုဘယ်လစ်ဘရယ်အစီအစဉ်ကတော့ ယဉ်ကျေးမှု၊ အိုင်ဒီယော်လော်ဂျီနဲ့အတူ အင်စတီကျူးရှင်းနဲ့ လူမှုအဖွဲ့အစည်းအားကောင်းရေးကို ဦးတည်ခဲ့တာပါ။

စစ်အေးခေတ်မှာ ဆိုဗီယက်ရုရှား ကျဆုံးရတာဟာ စစ်ရေးအမာထည်ပဲ အားကိုးပြီး လူမှု စီးပွားနဲ့ ယဉ်ကျေးမှုအပါအဝင် တခြားအပျော့ထည် Soft Power အကောင်ထည်ဖော်မှု မရှိလို့ဆိုပြီး ထောက်ပြကြပါတယ်။

စစ်အေးအပြီး အမေရိကန် ဦးဆောင်တဲ့ လစ်ဘရယ်အစီအစဉ်ဟာ အကျပ်ကိုင်နိုင်ထက် စီးနင်းမရှိတဲ့ နည်းလမ်းနဲ့ သူ့ရဲ့ အပျော့ထည် Soft Power ကို အကောင်ထည်ဖော်ခဲ့တာပါ။ ယဉ်ကျေးမှု၊ အိုင်ဒီယော်လော်ဂျီနဲ့ အင်စတီကျူးရှင်းဆိုင်ရာ တည်ဆောက်မှု စတဲ့ အချက်တွေကို အခြေခံတာဖြစ်ပြီး လူ့အခွင့်အရေး၊ ဈေးကွက်စီးပွားရေး စတဲ့ လစ်ဘရယ်အခြေခံ သဘောတရားတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ အမေရိကန် ကိုယ်တိုင်ကတော့ အခုအခါမှာ အမာထည်ပါဝါ Hard Power နိုင်ငံတွေအနက် အကြီးဆုံးနိုင်ငံဖြစ်လာခဲ့ပါပြီ။

နှစ်ပေါင်း ၂၅ နှစ်ကျော် ကြာလာတဲ့ အချိန်မှာတော့ ယဉ်ကျေးမှု၊ အိုင်ဒီယော်လော်ဂျီနဲ့ အဲဒီအခြေခံ ကောက်ကြောင်းကိုလိုက်ပြီး ဦးဆောင်သူအဖြစ် တခြားနိုင်ငံတွေကို စည်းရုံးဖို့ တရုတ်က လုပ်လာပါတယ်။ စီးပွားရေးဆိုင်ရာ နယ်ပယ်ချဲ့ထွင်မှု အယူအဆကို ဒုတိယ ကမ္ဘာစစ်ပြီးစကာလက အယူအဆဖြစ်တဲ့ ကမ္ဘာ့အစီအစဉ်နဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အနောက်ကမ္ဘာရဲ့ အပျော့လိုင်းပါဝါ အယူအဆကိုတော့ လမ်းကြောင်းပြောင်း လိုက်ပါ ဆောင်ရွက်တာမျိုးမဟုတ်ပါဘူး။ သူ့မှာ ရှုပ်ထွေးလှတဲ့ သူ့ပုံစံ ဈေးကွက်စီးပွားရေးရှိပေမဲ့ ဈေးကွက်က နိုင်ငံတော်ရဲ့ အထက်ကို ရောက်နေတဲ့ ပုံသဏ္ဌာန်ကိုလည်း တရုတ်က လက်မခံပါဘူး။

ဒါ့အပြင် အနောက်နိုင်ငံတွေကလိုချင်တဲ့ အပျော့ထည် ပါဝါတွေဖြစ်တဲ့ ယဉ်ကျေးမှု၊ အိုင်ဒီယော်လော်ဂျီနဲ့ အင်စတီကျူးရှင်းတွေရဲ့ အဓိက ကျောရိုးဖြစ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လစ်ဘရယ်တန်ဖိုးဖြစ်တဲ့ လွတ်လပ်ခွင့်တို့ မပါဝင်ဘဲ သူ့ရဲ့ တပါတီစနစ်ကို ပိုမိုအားကောင်းရေးကို အခြေပြုထားပါတယ်။

ကမ္ဘာ့နိုင်ငံတော်တော်များများက သူ့ကို ဆန့်ကျင်ဘက်အမြင်နဲ့ ကြည့်ကြပေမယ့် အမာထည်လိုင်းကနေ အပျော့ထည် ပါဝါဘက်ကို တရုတ်က ပိုပြီး ဦးတည်လာတယ်လို့ဆိုတဲ့ အယူအဆ ရှိသူတွေလည်း ရှိပါတယ်။

ကံကြမ္မာကို အေးအတူပူအမျှ အားလုံးမျှဝေခံစားဖို့ဆိုပြီး ရှီကျင့်ဖျင်က ပြောပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး တွဲလုပ်ဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းနေပါတယ်။ တရုတ်ရဲ့ အပျော့ထည်မူဝါဒ အကောင်ထည်ဖော်မှုထဲမှာ အဓိကကျတဲ့ အစိတ်အပိုင်းကတော့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတကြောင်းပဲဖြစ်ပြီး အဲဒီစီမံကိန်းရဲ့ ကုတ်အားနဲ့အတူ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

တရုတ်နိုင်ငံလို စနစ်မျိုးမကြိုက်ရင် လိုက်မလုပ်လို့ရတယ်။ ဒါပေမဲ့လည်း သင့်ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ အတွေးအမြင် အိုင်ဒီယော်လော်ဂျီတွေနဲ့ အင်စတီကျူးရှင်းတွေကို ဆွဲကိုင်ရင်း ကမ္ဘာ့အစီအစဉ်ပုံစံသစ်မှာ ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတာ တရုတ်ရဲ့ ၂၁ ရာစု အပျော့ထည်ပါဝါ သဘောတရားအမြင်ပဲ ဖြစ်ပါတယ်။

စစ်အေးခေတ်အလွန်မှာ အပျော့ထည်ပါဝါကို လစ်ဘရယ်တန်ဖိုးတွေနဲ့ ချိတ်ဆက်ခဲ့ကြပေမယ့် နှစ်မျိုးစလုံး တစ်ပြိုင်နက်တည်း မလိုအပ်ဘူးဆိုပြီးတော့လည်း တရုတ်ကို လက်ကမ်းကြိုဆိုသင့်ကြောင်း တိုက်တွန်းတာမျိုးလည်း ရှိပါတယ်။

အခြေအနေအလိုက် တရုတ်အစီအစဉ် ဆိုတဲ့အထဲမှာ ဆိုင်ရာ နိုင်ငံရဲ့ ပကတိတည်ရှိနေမှု အင်စတီကျူးရှင်းတွေအလိုက် ကွဲပြားနေမှု ၊ အလွှာအလိုက် ရှိမှုတွေအပေါ်မူတည်ပြီး ဆက်ဆံမယ့် ဆက်ဆံရေးမျိုးလည်း အကျုံးဝင်ပါတယ်။

အဲတော့ မြန်မာမှာ အာဏာသိမ်းကောင်စီအပေါ် အုပ်ချုပ်ရေး၊ နိုင်ငံရေးအရ လူထု မကျေမနပ်နဲ့ တုံ့ပြန်တာတွေ မလုပ်ဘူးဆိုရင် သူ့အနေနဲ့ အာဏာသိမ်း အစိုးရနဲ့သာ အဓိက ဆက်ဆံရေး တည်ဆောက်ရမယ့် အခြေအနေသာ ဆောင်တာပါ။ 

ဒါကြောင့်ပဲ ရိုဟင်ဂျာ နေရပ်ပြန်ဖို့ အရေးမှာ မြန်မာစစ်တပ်ထွက်ပေါက်ရအောင် ကြားဝင်ပြီး ကူညီပေးတာ သူ့အခန်းကဏ္ဍ ဆက်ရှိစေတာမျိုး ချက်ခြင်း လုပ်ခဲ့တာပါ။

(ဂ) အစွန်အဖျား နိုင်ငံများ ပေါ်လစီ နဲ့ လူထုအသံ မပျောက်ရေး

တရုတ်အနေနဲ့ သူ့ရဲ့ အကျိုးစီးပွားတွေအပေါ် အနောက်နိုင်ငံတွေက ဝင်စွက်တာတွေကို သည်းခံမှုနည်းလာတယ်၊ သူ့ရဲ့ ထိန်းချုပ်မှုကို ပိုပြီး ကျစ်လစ်လာအောင်ပြင်ဆင်လာသလို နိုင်ငံတကာ အခင်းအကျင်း အပါအဝင် နိုင်ငံစုံအဖွဲ့အစည်းတွေကို ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုလာမှုတွေ လုပ်လာတယ်။

တောင်တရုတ်ပင်လယ်လို အရေးကိစ္စမှာ တရုတ်ရဲ့ ရပ်တည်ချက်ဟာ အစွန်အဖျားနိုင်ငံ peripheral ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ မြှင့်တင်ပြောင်းလဲဖို့ မူဝါဒသစ်ရဲ့ အချက် ၆ ချက်ထဲက အချက် ၂ ချက်လောက်နဲ့ ထပ်တူကျနေတာလည်းတွေ့ရမှာပါ။

အဲဒီအချက် ၂ ချက်ကတော့

- တရုတ်အနေနဲ့ မူလက အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးမှာ အဆင့်အလိုက် အင်စတီကျူးရှင်းတွေရဲ့ ဆက်ဆံရေးကို အဓိကထားပေမယ့် အာရှဒေသဆိုင်ရာ အမေရိကန် သြဇာလွှမ်းမိုးလာမှုနဲ့အတူ ဒေသအရေးမှာ အမေရိကန်ကို တန်ပြန်ချိန်ညှိနိုင်တဲ့ မူဝါဒတွေ ချမှတ်ထားရှိဖို့။

- နယ်မြေအငြင်းပွားမှုတွေ ဖြစ်တဲ့ တောင်တရုတ်ပင်လယ်လို အရေးကိစ္စတွေမှာ သူ့ရဲ့ သမိုင်းဆိုင်ရာ ရပိုင်ခွင့်ကို အခြေခံပြီး ပြေလည်အောင် ဖြေရှင်းဖို့ ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

သမိုင်းဆိုင်ရာ ရပိုင်ခွင့်လို့ ပြောရင် မြန်မာအနေနဲ့လည်း သတိထားရမယ့် အချက်ဖြစ်ပါတယ်။

ဥပမာအားဖြင့် လွတ်လပ်ရေးရပြီးစ ကာလတုန်းက တရုတ်-မြန်မာ စာချုပ်တွေ ပြန်ချုပ် နယ်ခြားသတ်မှတ်ရေးတွေ ပြန်လုပ်မယ်ဆိုတုန်းက အရင်သမိုင်း အစဉ်အဆက် ရှိခဲ့တဲ့ သြဇာအတိုင်း တရုတ်အစိုးရက မတောင်းရကောင်းလားဆိုပြီး တရုတ်ကွန်မြူနစ်ပါတီတွင်း စောဒက တက်မှုတွေ ရှိခဲ့တာ (ဥပမာ လွတ်လပ်ရေးရပြီးစမှာ ဟူးကောင်းဒေသကို သူ့အပိုင်ဆိုပြီး တရုတ်က လာတောင်းနေတာမျိုးက အစ သတိပြုဖွယ်ပါ။)

ရှီကျင့်ဖျင် တက်စ ၂၀၁၃ မှာ ရှင်းဟွာ တက္ကသိုလ်က ပါမောက္ခတဦးရဲ့ အစွန်အဖျား (Peripheral ) နိုင်ငံများဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်ဖို့ အကြံပြုချက်ထဲမှာ-

(၁) အိမ်နီးချင်းနိုင်ငံတွေရဲ့ တရုတ်အပေါ် သံသယ ကြီးထွားလာမှုမှာ လျော့ပါးစေဖို့အတွက် အခြေအနေနဲ့ လိုက်လျောညီထွေမှုရှိအောင်ပြင်ဆင်ဖို့ နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ဆိုတဲ့အချက်နဲ့

(၂) အစွန်အဖျား နဲ့ အိမ်နီးချင်းနိုင်ငံ နယ်စပ်တွေမှာ မကြာခဏ ကြုံရလေ့ရှိတဲ့ မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေ ဖြေရှင်း ဆောင်ရွက်ဖို့အတွက် အကျပ်အတည်းဆိုင်ရာ စီမံခန့်ခွဲမှုကို နိုင်ငံခြားရေးမူဝါဒထဲ ထည့်သွင်းဖို့။

(၃) ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖြစ်တည်နေတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေအပေါ် မူတည်ပြီး အဲဒီနိုင်ငံတွေနဲ့ အင်စတီကျူးရှင်းအလိုက် ဆက်ဆံရေးကောင်းမွန်ဖို့အတွက် တရုတ်ရဲ့ အင်စတီကျူးရှင်းတွေကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းဖို့။

(ဥပမာ- အန်ဂျီအို၊ အရပ်ဘက်အဖွဲ့အစည်း၊ တက်ကြွလှုပ်ရှားသူ ဆိုရင် သူပုန်လို့ သတ်မှတ်တဲ့ တရုတ်ဟာ အခြားနိုင်ငံတွေက အရပ်ဘက်အဖွဲ့အစည်း၊ ဒီမိုကရေစီအရေးလှုပ်ရှားသူ၊ အန်ဂျီအိုတွေနဲ့ ဆက်ဆံဖို့ ကွန်မြူနစ်ပါတီအောက်က အန်ဂျီအိုလို ဌာနတွေကို နောက်ပိုင်းမှာ စတင်ဖွဲ့စည်းလာတာမျိုး ရှိပါတယ်။)

ဒီ ၃ ချက်အရ ကြည့်မယ်ဆိုရင် ဒီမိုကရေစီအရ ဆိုတဲ့အချက်ကို ပယ်ဖျက်နိုင်ဖွယ် ရှိနေခဲ့သလို အာဏာသိမ်းအစိုးရနဲ့ တရုတ်မြန်မာ နယ်စပ်က လူမျိုးစု သူပုန်တွေကို ထိန်းထား ပြေလည်ရုံနဲ့ ပြည်တွင်းမှာ ငြိမ်သက်နေရင် သူအများကြီး အကျိုးဖြစ်ထွန်းသွားမယ့် အခြေအနေပါ။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး သူစွမ်းဆောင်နိုင်ရင် သူ့အတွက် ဝီဂါပြည်နယ်မှာကျရောက်နေတဲ့ ဝီဂါတွေကို ဂျီနိုဆိုဒ် လုပ်နေတယ်ဆိုတဲ့ နိုင်ငံတကာ ပုံရိပ်ဆိုးကို အတန်အသင့် ပြေလျော့နိုင်မယ်လို့ တရုတ်က တွက်ဆထားပုံရပါတယ်။

တကယ်လည်း အမေရိကန်အစိုးရက ကြေညာထားတဲ့ ဝီဂါတွေအပေါ် တရုတ်က ဂျီနိုဆိုဒ်ကျူးလွန်တယ်ဆိုတဲ့ တံဆိပ်ကပ်ချက်က ပေါက်ဖော်ကြီးအတွက် နိုင်ငံတကာမှာ ဦးဆောင်ခွင့်ရဖို့ ကြိုးပမ်းတဲ့ အနေအထားမှာ အရှိုက်ထိုးခံရသလို မျက်နှာပျက်စရာ ကိစ္စလည်းဖြစ်ပါတယ်။

အခု မြန်မာပြည်မှာ ဆန္ဒပြပွဲတွေ အားကောင်းလာချိန်မှာတော့ တရုတ်ဟာ ကုလ လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်အပေါ် သဘောတူလိုက်လျောလာခဲ့ရပါတယ်။

တချိန်တည်းမှာလည်း တရုတ်သံရုံးရှေ့ဆန္ဒပြပွဲတွေနဲ့အတူ လူထုရဲ့ တရုတ်ဆန့်ကျင်ရေး အမြင်တွေ ပျံ့နှံ့နေမှုနဲ့ ဆန္ဒပြပွဲတွေမှာ တရုတ်ကို ထည့်သွင်းဆန့်ကျင်မှုတွေဟာ အာဏာသိမ်း ကောင်စီကို တရုတ်က နောက်ခံအပြည့်အဝ မပေးဖို့ အချက်ပေးခေါင်းလောင်းသံလည်း ဖြစ်ပါတယ်။

တဘက်ကကြည့်ရင်လည်း မြန်မာပြည်မှာ ဘယ်အစိုးရတက်လာတက်လာ တရုတ်ကို အားကိုးပြီး တရုတ်ကာကွယ်ပေးမှုနဲ့ နေလို့ရမယ်ဆိုတဲ့ ခေတ်စနစ်မျိုးဟာ အခြေမခိုင် စတင် ပျက်ပြားလာတဲ့ လက္ခဏာ အသွင်ဆောင်ပါတယ်။

ဒါဟာ တိမ်းမှောက်သွားတဲ့ ဒီမိုကရေစီရထား ပြန်တည့်မတ်စေဖို့အတွက် အတန်ငယ် အထောက်အကူပြုစေနိုင်ပါတယ်။

စိုင်းထွန်းအောင်လွင်

A d v e r t i s e m e n t With Us

More News
Up