Home
မြန်မာသတင်း
မကွေးမြို့တွင် အင်အားသိန်းချီ ဆန္ဒပြ၊ CDM ပါဝင်သည့် ဝန်ထမ်းများ အလုပ်ရပ်နားခံနေရ
DVB
·
February 14, 2021
150759829_2527109447590501_6246676757452459521_o
150572312_2527109730923806_5505349121270713753_o
150406138_2527109370923842_3601671665453567722_o
149948136_2527109264257186_6864318588492439166_o
150406138_2527109370923842_3601671665453567722_o

မကွေးမြို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြပွဲကို ပြည်သူ သိန်းချီ ဆက်လက်ဆန္ဒပြနေကြပါတယ်။

ရဲတပ်ဖွဲ့ဘက်က အတားအစီးတွေရှိခဲ့ပေမယ့် ထပ်တိုက်တိုးတာမျိုးမပြုလုပ်ဘဲ ရှောင်ကွင်းလမ်းတွေကနေတစ်ဆင့် စစ်အဏာရှင်ကျဆုံးရေး ချီတက်ဆန္ဒပြနေကြတာပါ။

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတစ်ချို့ကို အာဏာသိမ်းစစ်ကောင်စီက အလုပ်ကနေ ရပ်နားတဲ့စာတွေ ထွက်လာတယ်လို့ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

မကွေးမြို့မှာ စစ်အာဏာရှင်ကျဆုံးရေး လူထုဆန္ဒပြပွဲ ပြုလုပ်တာ ဒီနေ့ဟာ ၉ ရက်မြောက်နေ့ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ အလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံက အသွင်သဏ္ဌာန်မျိုးစုံနဲ့ ချီတက်ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြတဲ့နေရာတွေမှာ အလှူရှင်တွေက အစားအသောက်တွေ၊ ရေသန့်ဘူးတွေ လိုက်လန်ဝေငှပေးနေသလို စေတနာ့ဝန်ထမ်းတွေကလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်အောင် လိုက်ပါဝန်းရံခဲ့ကြပါတယ်။

စစ်အာဏာရှင်ကျဆုံးရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ် အတည်ပြုပေး စတဲ့ကြွေးကြော်သံတွေနဲ့အတူ ချီတက်ဆန္ဒပြနေကြတာပါ။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းကတော့ မကွေးမြို့ ဆန္ဒပြခေါင်းဆောင် ဦးနေမျိုးကျော်ကို ဖမ်းဆီးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲတာဝန်ရှိသူတွေက ပြောပါတယ်။

မင်းထီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024