Home
မြန်မာသတင်း
မော်ကျွန်းမြိုတွင် CDM ပါဝင်ခဲ့သည့် ထွေအုပ်ဝန်ထမ်း ၂၆ ဦး အလုပ်ရပ်နားခံရ
DVB
·
February 14, 2021

ဧရာဝတီတိုင်းဒေသကြီး၊ ​မော်ကျွန်းမြို့နယ်မှာ CDM ပါဝင်ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း ၂၆ ဦး ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစတင်ကာ အလုပ်ကရပ်နားခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု - CDM မှာပါဝင်ခဲ့တဲ့ မော်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်း ၅ ဦးနဲ့ ရပ်ကျေးဝန်ထမ်း ၂၁ ဦး အလုပ်တာဝန်ကနေ ယာယီရပ်ဆိုင်းခံခဲ့ရတာလို့ သိရပါတယ်။

အလုပ်ရပ်နားခံရတဲ့ ဝန်ထမ်းတစ်ဦးက "မနေ့က ရုံးကစာထွက်တယ်လို့သိရတယ်၊ ခုထိတော့ ဘာဆက်လုပ်ရမယ်မသိသေးဘူး။ CDM မှာပါဝင်တဲ့လူအားလုံး ရပ်နားခံရတာပါ” လို့ ပြောပါတယ်။

CDM မှာပါဝင်ခဲ့တဲ့ ဝန်ထမ်း ၂၆ ဦးဟာ နိုင်ငံဝန်ထမ်းဥပဒေပုဒ်မ ၃၈၊ နိုင်ငံဝန်ထမ်းများနည်းဥပဒေအပိုဒ် ၁၆၁ အပိုဒ်ခွဲ(ဃ)နဲ့  အပိုဒ် ၁၆၃ အပိုဒ်ခွဲ (ဖ)တို့ကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုပြီး နိုင်ငံဝန်ထမ်းဥပဒေအပိုဒ် ၁၇၁ အရ တာဝန်က ရပ်နား ခံရတာလို့ ဆိုပါတယ်။

တာဝန်ကိုရပ်နားလိုက်တဲ့ အမိန့်စာမှာတော့ CDM ပါဝင်ခဲ့တဲ့ ဝန်ထမ်း ၂၆ ဦးဟာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာကို တင်ခဲ့တဲ့အပြင် လုပ်ငန်းခွင်ကို အကြောင်းအမျိုးမျိုးပြပြီး ပျက်ကွက်ခဲ့သလို နိုင်ငံရေးလှုပ်ရှားမှုတွေပါ ပါဝင်ခဲ့တဲ့အတွက် ခုလို အလုပ် ယာယီရပ်နားလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း ၂ ဦးကိုလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM မှာ ပါဝင်ခဲ့တဲ့အတွက် ဌာနတွင်းစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မင်းထက်မုန်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024