သထုံခရိုင်၊ ပေါင်မြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲမှာ တက်ကြွလှုပ်ရှား ပါဝင်ခဲ့မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကိုစည်သူအောင်ကို ဖေဖော်ဝါရီ ၁၃ရက်နေ့ ညက ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
တပ်မတော်က အာဏာသိမ်းမှုအပေါ် ပေါင်မြို့မှာ ဆန္ဒပြခဲ့တဲ့ ကျွဲခြံကျေးရွာ၊ ဘူတာပိုင်းနေသူ ကိုစည်သူအောင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညပိုင်းမျာ တပ်နဲ့ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။
“ကျနော့်သားကို သူတို့ လာခေါ်သွားတာက ကြာသပတေးနေ့ည ၁၀ နာရီ ၄၅ လောက်က ခဏဆွေးနွေးမယ်ဆိုပြီး ခေါ်သွားတာပါ။ မိဘတစ်ယောက်အနေနဲ့ သားကိုရိုက်မှာ ထုထောင်းမှာတို့ကို စိုးရိမ်တာပေါ့။ ၂ ရက်တိတိ ဘာအဆက်အသွယ်မှမရဘဲ ပျောက်နေတာ ဆိုတော့။ ကျနော့်သားက သူတို့ပြောသလို မဟုတ်ပါဘူး။ သူငယ်ချင်းတွေနဲ့ ရိုးရိုးသားသား ဆန္ဒလိုက်ပြနေတာ” လို့ DVB ကို ပြောပါတယ်။
စစ်အာဏာရှင် အလိုမရှိကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြသူတွေဟာ ဖမ်းဆီးခံထားရသူ ကိုစည်သူအောင်ကို ပြန်လွတ်ပေးဖို့ ပေါင်မြို့မရဲစခန်းအရှေ့မှာ ထိုင်သပိတ်ပြုလုပ်ပြီး တောင်းဆိုခဲ့ကြတာပါ။
ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုကြောင့် မနေ့ည ၇ နာရီမှာ ကိုစည်သူအောင်ကို ပေါင်မြို့မရဲစခန်းက ခံဝန်ထိုးပြီး မိဘထံ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။