
ကရင်ပြည်နယ် ဘားအံမြို့က ဆန္ဒထုတ်ဖော်ပွဲမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ပြည်နယ်ရဲတပ်ဖွဲ့မှူး ဦးစီးပြီး ရဲအင်အားအလုံးအရင်းနဲ့ ပြန်လည်ခေါ်ယူရာမှာ ဆန္ဒပြပြည်သူတွေက ဝိုင်းဝန်းကာကွယ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီနောက် ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေ အေးချမ်းစွာ ဆွေးနွေးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည် ထွက်ခွာသွားခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ပြောပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့ ဆန္ဒပြပွဲမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်း ပါဝင်နေကြပြီး ပထမဆုံးအကြမ်အဖြစ် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပါဝင်လာတာပါ။
ဘားအံမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတွေကို နေ့စဉ် အင်အားသိန်းချီ ပူးပေါင်းပါဝင် ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း၊ အင်ဂျင်နီယာလူငယ်အသင်း၊ ပညာရေးဌာန၊ ကျန်းမာရေး၊ လျှပ်စစ်ဌာနဝန်ထမ်းပေါင်းစုံနဲ့ ဘားအံမြို့နယ်အတွင်းက အလုပ်သမား၊ လယ်သမား စတဲ့အလွှာပေါင်းစုံ ပါဝင်နေကြတာပါ။
ဆန္ဒထုတ်ဖော်ရာမှာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင် အလိုမရှိ၊ အမေစုနဲ့ သမ္မတကြီး ချက်ချင်းလွတ်၊ အထိန်းသိမ်းခံ ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး၊ ရုံးမတက်နဲ့ ရုန်းထွက်၊ ဖမ်းဆီးခံခေါင်းဆောင်တွေ ချက်ချင်းလွတ်စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ရဲမင်းခေါင်










