Home
မြန်မာသတင်း
“ပြည်ထောင်စုဆိုတဲ့ တံဆိပ်ကပ်ရုံနဲ့ ပြည်ထောင်စု ဖြစ်မလာဘူး” - ကိုကျော်ကိုကို
DVB
·
February 12, 2021

တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေး ပြည်သူ့ကော်မတီ ဖွဲ့စည်းလှုပ်ရှားသွားမယ်လို့ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုကျော်ကိုကိုက ပြောကြားလိုက်ပါတယ်။ 

“ကျနော်တို့ အခုတောင်းဆိုနေတဲ့ အချက်တွေပေါ့နော်။ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးအပြင်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ဆိုတဲ့ဟာပါ ကျနော်တို့ ထည့်သွင်းပြီး တောင်းဆိုနေတာတွေ ရှိသလို မကြာခင်မှာပေါ့နော် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေး ပြည်သူ့ကော်မတီဆိုတဲ့ဟာကို ဖွဲ့စည်းလှုပ်ရှားဖို့လည်း ရှိပါတယ်။”

“အဲဒီအဖွဲ့အစည်းမှာဆိုလို့ရှိရင် တိုင်းရင်းသားပါတီတွေ နိုင်ငံရေးပါတီတွေ ပါပါလိမ့်မယ်။ ကျနော်တို့လည်း ပါလိမ့်မယ်ပေါ့နော်။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေအပြင် တိုင်းရင်းသားလူငယ်အဖွဲ့တွေလည်း ကျနော်တို့ ဆက်လက်ပြီးတော့မှ ချိတ်ဆက်ဆောင်ရွက်သွားဖို့ ရှိတယ်။ သူတို့နဲ့တသားတည်း ကျနော်တို့ တိုက်ပွဲဝင်သွားဖို့ရှိတယ်။ ပြီးတော့ ပြည်နယ်တွေမှာ နေထိုင်တဲ့ ဗမာမဟုတ်သော တခြားတိုင်းရင်းသား ခေါင်းဆောင်တွေ လူမျိုးစုအသင်းအဖွဲ့တွေ နောက်တခါ ပြည်သူတွေအထိကို ကျနော်တို့ ဆက်လက်စည်းရုံးပြီးတော့ နိုင်ငံအနှံ့အပြားမှာ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အခုစစ်အာဏာရှင်ဖြုတ်ချရေးနဲ့ ကျွဲကူးရေပါ ကျနော်တို့ လုပ်ဆောင်သွားဖို့ ရှိပါတယ်ခင်ဗျ။”

“Generation Z က တိုင်းရင်းသားလူငယ်တွေလည်း ပါသလို လူမျိုးပေါင်းစုံလူငယ်တွေလည်း ပါတယ်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လူငယ်တွေလည်းပါတယ်။ တိုင်းရင်းသားလူငယ်တွေကျတော့ သူတို့အစုနဲ့ သူတို့သီးခြားတည်ရှိနေတယ်ပေါ့နော်။ ဥပမာ အလုံဘက်မှာဆိုရင် ကရင်လူငယ်တွေရှိတယ်။ အင်းစိန်ဘက်မှာလည်း ကရင်လူငယ်တွေရှိတယ်။ ခဝဲခြံဘက်မှာဆိုလည်း ကရင်လူငယ်တွေရှိတယ်။ ပြီးတော့ စမ်းချောင်းဘက်မှာဆိုရင် ကချင်လူငယ်တွေရှိတယ်။  တာမွေကျောက်မြောင်းဘက်မှာ ရခိုင်လူငယ်တွေရှိတယ်။ အဲလို မွန်လူငယ် တွေလည်းထွက်လာတယ်။ သူတို့တွေနဲ့ ကျနော် တိုက်ပွဲထဲမှာ ဆုံတာမျိုးရှိသလို  တိုက်ပွဲမတိုင်ခင်  အရင်အပြင်မှာကတည်းက သူတို့တွေနဲ့ထိတွေ့ထားခဲ့တယ်။ ရင်းနှီးချိတ်ဆက်မိတာတွေလည်း ရှိတယ်ပေါ့နော်။  သူတို့အကုန်လုံးကို ကျနော်တို့ ပြန်လည် စုစည်းတယ် စုစည်းတဲ့အခါမှာ ယုံကြည်စိတ်ချရတဲ့တိုင်းရင်းသားခေါင်းဆောင်တွေ ဥပမာ SNLD ခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊ အန်တီနော်အုံးလှတို့လို    သူတို့တွေကနေတဆင့် ထိတွေ့ချိတ်ဆက်ရတာမျိုးလည်းရှိတယ်။  ကျနော်တို့ လူငယ်တွေအချင်းချင်းခင်မင်ရင်းနှီးမှုနဲ့ ချိတ်ဆက်ရတာလည်းရှိတယ်ပေါ့နော်။ ပုံစံအမျိုးမျိုးနဲ့ ထိတွေ့စည်းရုံးမှုတွေ လုပ်ကြပါတယ်။

“ကျနော်တို့မြင်တာကတော့လေ ပြည်ထောင်တွေကိုစုထားမှ ပြည်ထောင်စုဖြစ်တာ တပြည်ထောင်စနစ်ကို အသွင်ပြောင်းပြီးတော့မှ ပြည်ထောင်စုဆိုတဲ့ တံဆိပ်ကပ်ရုံနဲ့ ပြည်ထောင်စု ဖြစ်မလာဘူးပေါ့နော်။ ဒီပြည်ထောင်တွေ၊ ရှမ်းပြည်ထောင်၊ ချင်းပြည်ထောင်၊ မွန်ပြည်ထောင်၊ ကချင်ပြည်ထောင် အစရှိတဲ့ ဒီပြည်ထောင်တွေ တခုချင်းစီမှာ လူမျိုးရေးအရတန်းတူခွင့်  လူမျိုးရေးအရကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေါ့နော်၊ လူမျိုးစုတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိဖို့ လိုအပ်တယ်။ အဲဒီဟာကို အာမခံချက်ပေးနိုင်တဲ့ စာချုပ်တစ်ခုချုပ်ဖို့လိုအပ်တယ်။

 “၂၁ ရာစုပင်လုံဆိုတဲ့ လမ်းကြောင်းအတိုင်းသွားနေရင်တော့ သိပ်ပြီးတော့အဆင်မပြေဘူး။ ဘာလို့လဲဆိုတော့  အဲဒီမှာက စစ်တပ်လွှမ်းမိုးနေတယ်။  စစ်တပ်က ခွင့်မပြုရင် အရပ်သားအစိုးရက ဘာမှလုပ်လို့မရတာမျိုး တွေလည်း ရှိတယ်။ သူတို့က ဘေးကြပ်နံကြပ် အကြပ်ဖြစ်အောင်လို့ သူတို့ရဲ့မူဝါဒတွေ နဲ့ ချုပ်နှောင်ထားတာတွေရှိတယ်  အဲလိုချုပ်နှောင်ထားတာမျိုးကို ကျနော်တို့က မလိုလားဘူး။”

“ကျနော်တို့က လွတ်လပ်ပွင့်လင်းစွာနဲ့ တန်းတူညီတူဆွေးနွေးနိုင်တဲ့ အခင်းအကျင်းတစ်ခုကို ကျနော်တို့လိုချင်တယ်။  အဲဒီအခင်းအကျင်းတစ်ခုရှိတယ်ဆိုလို့ရှိရင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဗမာခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးတဲ့အခါမှာ ဖြစ်လာသင့် ဖြစ်သင့်ဖြစ်ထိုက်တာကတော့ ခုနကပြောသလို ပြည်ထောင်တွေကို စုထားတဲ့ပြည်ထောင်စု အတွက် စာချုပ်တစ်ခုလုပ်ရမယ်။ အဲဒီဟာမှာ ဖက်ဒရယ်ဒီမိုကရေစီကိုအာမခံမယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံမယ်။ အဲဒါဆိုလို့ရှိရင် တကယ့်ပြည်ထောင်စုစစ်စစ်ပေါ်ပေါက်လာဖို့ မြင်တယ်ပေါ့နော်”။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024