Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင် ၁၀ ဦးနှင့် လုပ်ငန်း ၃ ခုကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်အရေးယူ
DVB
·
February 12, 2021

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းအရရွေးကောက်တင်မြှောက်ခံရတဲ့ အရပ်သားအစိုးရထံကနေ စစ်တပ်က အာဏာသိမ်းယူခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တွေ ချမှတ်လိုက်ပါတယ်။  

အာဏာသိမ်း မြန်မာတပ်မတော်ရဲ့  ထိပ်တန်း စစ်ဗိုလ်ချုပ် ၁၀ ယောက်နဲ့ စစ်တပ်နဲ့ ပတ်သက်တဲ့ လုပ်ငန်း  ၃ ခုကို သမ္မတဂျိုးဘိုင်ဒင်ရဲ့  အုပ်ချုပ်ရေးအမိန့်အရ  ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်တာလို့ အမေရိကန်ဘဏ္ဍာရေးဌာနက ဖေဖော်ဝါရီ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

အရေးယူခံသူတွေကတော့  စစ်အာဏာသိမ်းခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယ သမ္မတ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး၊ ရေတပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ ဖြစ်ပါတယ်။

အရေးယူခံရတဲ့ လုပ်ငန်း ၃ ခုကတော့  Myanmar Ruby Enterprise ၊ Myanmar Imperial Jade  ကုမ္ပဏီနဲ့ Cancri (Gems and Jewelry) ကုမ္ပဏီ တို့ဖြစ်ကြပါတယ်။

အဆိုပါ တပ်မတော်ခေါင်းဆောင် ၁၀ ယောက်နဲ့  လုပ်ငန်း ၃ ခုတို့ရဲ့ တိုက်ရိုက်ဒါမှမဟုတ် သွယ်ဝိုက်ပိုင်ဆိုင်မှုတွေ၊ သူတို့ရဲ့   ၅၀ ရာခိုင်နှုန်းနဲ့ အထက် ပစ္စည်းပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားတွေ အားလုံးကို ထိန်းချုပ်ပိတ်ပင်လိုက်တာလို့လည်း အမေရိကန်ဘဏ္ဍာရေးဌာနကဆိုပါတယ်။ 

ဒီလိုပိတ်ဆို့ဒဏ်ခတ်အရေးယူမှုဟာ အာဏာသိမ်းရာမှာ ဦးဆောင်ပါဝင်သူတွေကို ပစ်မှတ်ထားလုပ်ဆောင်တာဖြစ်ပြီး  မြန်မာပြည်သူတွေကို  ဦးတည်ခြင်းမရှိဘူးလို့လည်းဆိုပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဟာ  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက် တိုက်ခိုက်မှုဖြစ်ပြီး မြန်မာပြည်သူတွေနဲ့ အတူရပ်တည်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး  ဂျဲနက်ယဲလ်လန်က ပြောပါတယ်။

“မြန်မာစစ်တပ်အနေနဲ့ လမ်းကြောင်း မပြောင်းဘူး ဆိုရင် နောက်ထပ်အရေးယူမှုအသစ်တွေထပ် လုပ်ဖို့ ပြင်ဆင်နေတယ်၊ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ခဲ့မယ် ဆိုရင် ဒီကနေ့ ဒဏ်ခတ်မှုတွေဟာ ပထမအဆင့်သာ ဖြစ်တယ် ဆိုတာကို မြန်မာစစ်တပ် သိစေမယ်” လို့လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးပြန်ရဖို့၊  သမ္မတ ဦးဝင်းမြင့်၊ နို်ငငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ရေးအတွက် အမေရိကန်အနေနဲ့ ဒေသတွင်းနဲ့ ကမ္ဘာ့မိတ်ဆွေတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကကလည်း မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့  သူတို့ရဲ့ မိသားစုတွေ အပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုအသစ်တွေချမှတ်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်မှာ ကြေညာထားပါတယ်။ 

အမေရိကန်မှာရှိနေတဲ့ မြန်မာအစိုးရပိုင်ငွေ အမေရိကန် ဒေါ်လာ ၁ ဘီလီယံကို မြန်မာစစ်ဗိုလ်ချုပ်တွေ ယူလို့မရအောင် တားဆီးပိတ်ပင်ဖို့ အမေရိကန် အစိုးရက လုပ်ဆောင်သွားမယ်လို့လည်း သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

Photo-DSINFO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024