
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုလ်မြို့နယ်ခွဲက ရပ်ကျေးအဆင့်အမျိုးသမီး အုပ်ချုပ်ရေးမှူးတစ်ဦးကို ဆန္ဒဖော်ထုတ်ပွဲလိုက်ပါတယ်ဆိုပြီး တာဝန်က ရပ်စဲခံခဲ့ရတယ်လို့ သိရပါတယ်။
မြို့ နယ်အုပ်ချုပ်ရေးမှူး (ယခုကောင်စီဥက္ကဋ္ဌ) ရဲ့ လက်မှတ်နဲ့ တာဝန်က ရပ်စဲခံခဲ့ရတယ်လို့ ကာယကံရှင် ဒေါ်ခေတ္တာဆွေဝင်းက ပြောပြပါတယ်။
“ကျမက ဆန္ဒဖော်ထုတ်ပွဲကိုဦးဆောင်တာမျိုးမဟုတ်ဘူး။ နေ့တိုင်း လိုက်ပါ ဆန္ဒပြတယ်။ စာမှာ ရေးထားတာ အခုလ ၉ ရက်က ထုတ်ပြန်ထားတာ ဖြစ်ပေမယ့် မနေ့ကမှ စာကိုရပါတယ်။”
လိပ်သိုလ်မြို့ နယ်ခွဲအမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ခေတ္တာဆွေဝင်းဟာ ဖေဖော်ဝါရီ ၈ ရက်နေ့က ဆန္ဒဖော်ထုတ်ပွဲမှာ စစ်အာဏာရှင်စနစ်ကျဆုံရှုံးပါစေ ဆိုင်းဘုတ်ကိုင်ပြီး လိုက်ပါခဲ့တာကြောင့် အုပ်ချုပ်ရေးလုပ်ငန်းနဲ့ မကိုက်ညီသော နိုင်ငံရေးလှုပ်ရှားမှူမှာ ပါဝင်ခဲ့တာလို့ စာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
သံတောင်ကြီးမြို့နယ် လိပ်သိုလ်၊ သံတောင်နဲ့ သံတောင်ကြီးမြို့နယ်တွေမှာ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှု နေ့စဉ်ပြုလုပ်နေပြီး ဒီနေ့ဆန္ဒပြပွဲမှာလည်း ဌာနဆိုင်ရာအချို့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ရဲထွဋ်