ပြည်တွင်းလေကြောင်း ရန်ကုန်အခြေပြု တိုးချဲ့ခွင့် မပြုတော့
DVB
·
October 1, 2013
ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ လေယာဉ်ဆင်းသက်မှု များပြားပြီး လေကြောင်းလိုင်း ကျပ်လာတဲ့အတွက် ရန်ကုန်ကို အခြေပြုပြီး ပြေးဆွဲမယ့် ပြည်တွင်းလေကြောင်းလိုင်း တိုးချဲ့ခွင့် ကို ခွင့်မပြုတော့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဟန်စိန်က ပြောပါတယ်။
မန္တလေးနဲ့ နေပြည်တော်ကို အခြေပြုပြေးဆွဲမယ့် ပြည်တွင်း လေကြောင်းလိုင်း ၄ ခုကိုတော့ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းမဲဆန္ဒနယ် အမှတ် ၂ က အမျိုးသားလွှတ်တော်အမတ် ဦးညွှန့်တင်က ရန်ကုန်လေဆိပ်မှာ လေယာဉ်အဆင်း များပြီး ကျပ်လာတာကို ဘယ်လို ဖြေရှင်းဖို့ ရှိသလဲ မေးမြန်းတာကို ပြည်ထောင်စုဒုဝန်ကြီးက ခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
လောလောဆယ် ပို့ဆောင်ရေးဌာနအနေနဲ့ မန္တလေးအခြေပြု ပြေးဆွဲမယ့် မန်းရတနာပုံ အဲယားလိုင်းနဲ့ ဆာဂါ အဲယားလိုင်း၊ နေပြည်တော်အခြေပြု ပြေးဆွဲမယ့် အက်ဖ်အမ်အိုင် အဲယားလိုင်းနဲ့ အခြား ၁ လိုင်း စုစုပေါင်း ၄ လိုင်းကို ခွင့်ပြုထားပြီး ဖြစ်တယ်လို့ ပြည်ထောင်စုဒုဝန်ကြီးက ရှင်းပြပါတယ်။