
နေပြည်တော်မှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ခေါင်းမှာ သေနတ်ဒဏ်ရာ ပြင်းထန်စွာရရှိပြီး စိုးရိမ်ရတဲ့ အသက် (၁၉) နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် ထိခိုက်ဒဏ်ရာရတဲ့ လူနာအားလုံး တပ်မတော်ဆေးရုံကို ပြောင်းရွှေ့ကုသဖို့ ဖိအားပေးနေတယ်လို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ ဆရာဝန်တစ်ဦးက ပြောပါတယ်။
နေပြည်တော်ကောင်စီနဲ့ ကျန်းမာရေးဝန်ကြီးက ဒီကနေ့ဖြစ်စဉ်မှာ ဒဏ်ရာပြင်းထန်တဲ့ လူနာနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူအားလုံးကို တပ်မတော် ကုတင် ၁၀၀၀ ဆေးရုံမှာ ပြောင်းရွှေ့ကုသဖို့ ပြောဆိုလာတာပါ။
“ကျနော်သိရသလောက် ရောက်တာက ၇ ယောက်လောက် ရောက်တယ်။ နှစ်ယောက်ထဲ ကောင်မလေးက တော်တော်လေးဆိုးတယ်။ လောလောဆယ် မသေသေးဘူး။ ဒါပေမဲ့ အခြေအနေက တော်တော်စိုးရိမ်ရတယ်။ ခေါင်းကို ထိတာ၊ CT အရ ကြည့်ရတာ ရော်ဘာ ကျည် ဘယ်လို့မှ မဖြစ်နိုင်ဘူး။ ကျနော်တို့ဆီ လာပြောတာက နေပြည်တော်ကောင်စီနဲ့ ကျန်းမာရေး ဝန်ကြီးက ဒီမှာ ထိမိ ခိုက်မိတဲ့လူနာတွေကို စစ်ဆေးရုံမှာပဲ တက်ရောက်ကုသစေချင်တယ်လို့ ဒု ဆေးရုံအုပ်ကြီးကို သူတို့က အကုန်ရွှေ့ပေးပါလို့ လာတောင်းဆိုတာ။ လောလောဆယ် တပ်အပေါ်ပိုင်းက လူကြီးတွေကတော့ လာပြောတာမဟုတ်ဘူး။ ဒု ဆေးရုံအုပ်ကို ကျန်းမာရေးဝန်ကြီး ကိုယ်တိုင်က ဖုန်းဆက်ပြီး ခိုင်းတယ်လို့ သိရပါတယ်။ လက်ရှိမှာ ခွဲစိတ်ဆောင်က လူနာသဘောကလည်း မသွားချင်ဘူး။ ကျနော်တို့ဆီမှာပဲ လက်ခံကုထားတယ်”လို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ ဆရာဝန်တစ်ဦးက ပြောပါတယ်။
ဒဏ်ရာရတဲ့ ပြည်သူတွေထဲ အမျိုးသမီးနှစ်ဦးမှာ တစ်ဦးက အသက်အန္တရာယ် စိုးရိမ်နေရပြီး တစ်ဦးကလည်း အခြေအနေမကောင်းဘူးလို့ သိရပါတယ်။
လတ်တလောမှာ အမျိုးသမီးငယ်တစ်ဦးက အသက်အန္တရာယ် အလွန်အမင်း စိုးရိမ်နေရပြီး အထူးကြပ်မတ်ဆောင် (ICU ) မှာ စောင့်ကြည့်ပေးနေရတယ်လို့ DVB ကို ပြောပါတယ်။
နေပြည်တော်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူလူထုကို ဖေဖော်ဝါရီ ၉ ရက်၊ နေ့လည် ၁ နာရီလောက်မှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပတ်ခတ်လို့ ကျောင်းသားအပါအဝင် ဆန္ဒပြပြည်သူ ၂၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။