မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်နဲ့ မိုးကုတ်မြို့နယ်တွေအပါအဝင် ရှမ်းပြည်နယ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းအချို့ဟာ Civil disobedience movement (CDM) လှုပ်ရှားမှုနဲ့အတူ Red Ribbon Campaing မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ပူးပေါင်း ပါဝင်လာပါတယ်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ရာမှာ ပူးပေါင်းပါဝင်လာကြတာဖြစ်ပြီး မိုးကုတ်မြို့ ပြည်သူလူထုမှလည်း အင်အားသောင်းနှင့်ချီ ဆန္ဒပြနေကြတာဖြစ်ပါတယ်။
ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်း ၁၂ ဦးက အာဏာသိမ်းအစိုးရလက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်း မရှိတဲ့အတွက် ပြည်သူနဲ့အတူ CDM ပြုလုပ်ခဲ့တာပါ။
ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန က ဝန်ထမ်းစုစုပေါင်း ၂၀၀ ကျော်ရှိပြီး ၁၂ ဦးက CDM စတင်ပြုလုပ်တာဖြစ်ပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ဝန်ကြီး ဦးစိုးညွန့်လွင်ကလည်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ လက်အောက်မှာရှိတဲ့ ဦးစီးဌာန/အဖွဲ့အစည်း နဲ့ လက်အောက်ခံ ရုံးဌာနအသီးသီးမှ သက်ဆိုင်ရာ အရာရှိ/အရာထမ်းတွေအားလုံး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ အစိုးရသစ်ဖွဲ့စည်းချိန်ထိ အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။
သတင်း - ဟန်နာထက်အောင်