Home
မြန်မာသတင်း
မုံရွာမြို့ လူငယ်စင်တာကို တပ်နှင့်ရဲအင်အား ၂၀ ခန့် ဝင်စီး
DVB
·
February 9, 2021

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က လူငယ်ရေးရာကော်မတီ စင်တာကို  ဒီနေ့မနက် အစောပိုင်းမှာ တပ်နဲ့ရဲတပ်ဖွဲ့ အင်အား ၂၀ လောက်နဲ့ ဝင်ရောက် စီးနင်းခဲ့တယ်လို့ လူငယ်ရေးရာအတွင်းရေးမှူး ကိုဝေမိုးနိုင်က ပြောပါတယ်။

“မနက် ၂ နာရီကနေ ၅ နာရီထိ ကျနော်တို့ မုံရွာမြို့လူငယ်စင်တာကို ဝင်စီးပါတယ်တဲ့။ လူငယ်စင်တာဆိုတာ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးကြပ်တဲ့ရုံးပါ။ ကျနော်တို့ သပိတ်မှောက်ကျောင်းသားလူငယ်တွေကို ဝင်ရှာတယ်လို့ ဆိုပါတယ်။ လူငယ်စင်တာမှာ ရုံးအဖွဲ့မှူးနဲ့ Fever Clinic မှာ စေတနာ့ဝန်ထမ်း တာဝန်ယူနေတဲ့ လူငယ်တွေနဲ့ စုစုပေါင်း ၂ ယောက်ပဲ ရှိနေပါတယ်။ မနက် ၂ နာရီမှာ လက်နက်ကိုင် အယောက် ၂၀ ခန့် (ရဲ၊ စစ်၊ အရပ်သား) က လူငယ်စင်တာ ခြံဝန်းကို ကျော်ဝင်တယ်။ Fever Clinic ဘက်ကနေ ပြီး အဆောက်အဦးဝင်ပေါက်သော့ကို ဖျက်ဝင်ပြီး လူငယ်ရေးရာကော်မတီရုံးခန်းကို ဝင်စီးပါတယ်။”

စင်တာမှာရှိနေတဲ့သူတွေကို စစ်ဆေးမေးမြန်းခဲ့သလို လက်ပ်တော့တွေနဲ့ ဗီရိုတွေကို ဖွင့်ပြီး အကုန်စစ်ကြောင်း၊ ပိုက်ဆံအိတ်တွေ ATM ကတ်တွေကို သိမ်းသွားပေမဲ့ ခုတော့ ပြန်ရပြီလို့ ဆိုပါတယ်။

Hand Speaker‌ ၄ လုံး၊ ရွေးကောက်ပွဲကာလက လူငယ်ရေးရာကော်မတီက ဖြန့်ဝေခဲ့ကြတဲ့ voter education ပန်းဖလက်တွေ၊ လူငယ်ရေးရာကော်မတီ တံဆိပ်တုံးတွေ လူငယ်ရေးရာကော်မတီရဲ့ အသုံးစရိတ်ဘောက်ချာအချို့ အစရှိတာတွေကို သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

ဒီနေ့မနက် ၉ နာရီမှာ မူလကြေညာထားတဲ့အတိုင်း စစ်အာဏာရှင်အလိုမရှိကြောင်း  မုံရွာမြို့တွင်း ဆက်လက်ဆန္ဒပြသွားကြမှာဖြစ်ပြီး ပြည်သူတွေ တစ်ခဲနက် ပူးပေါင်း ပါဝင်ပေးကြဖို့

မေတ္တာရပ်ခံတယ်လို့ ကိုဝေမိုးနိုင်က ပြောပါတယ်။

ကျော်မင်းသန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024