Home
မြန်မာသတင်း
တရုတ်မီးပုံးကြောင့် မြန်မာ့ရိုးရာမီးပုံးများ ရောင်းအားကျဆင်း
DVB
·
September 27, 2013
သီတင်းကျွတ်မီးထွန်းပွဲ ရာသီမှာ မြန်မာ့ ရိုးရာလက်လုပ်မီးပုံးတွေက တရုတ်မီးပုံးတွေကို မယှဉ်နိုင်ဘဲ အရောင်းအ၀ယ်ကျဆင်းနေပါတယ်။ တရုတ်နိုင်ငံထုတ်  လက်တွန်းမီးပုံးတွေ နဲ့ ချိတ်ဆွဲ မီးပုံတွေရဲ့ သေသပ်မှုနဲ့ အမြင်ဆန်းမှုနဲ့ ခိုင်ခန့်မှုတွေကို လူကြိုက်များလာတဲ့အတွက်  မြန်မာ့ရိုးရာ မီးပုံးလုပ်ငန်း အရောင်းအ၀ယ် ကျဆင်းခဲ့ရတာပါ။ မီးပုံးအရောင်းဆိုင်ရှင် ဒေါ်မြင့်မြင့်ခင်က “မြန်မာမီးပုံတွေကျတော့ ၀ါးနဲ့လုပ်တာတွေက ပိုးတောက်တယ်။ ရေရှည်သိမ်းလို့မရဘူး။ သူက တခါသုံးပဲ လချေးစက္ကူကပ်ထားတာ။ ဆီစိမ်စက္ကူလို့လည်း ခေါ်တယ်။ နောက်ရေစိုမခံတာတို့။ အပျက်အစီး ထိမိခိုက်မိတာတို့တွေ ရှိတော့ ယူမရောင်းဘူး။ တရုတ်လုပ်ကျတော့ လွယ်တယ်။ သူက အချပ်တော့ ပိတ်သား ဖဲသားတွေပေါ့နော်။ အချပ်တိုင်းပဲ ထပ်ပြီး၊ အချပ်တိုင်းပဲ သူ့ဟာသူ သွားနေတယ်။” မြန်မာ့ရိုးရာမီးပုံတွေကို ၀ါးနဲ့ ပြုလုပ်ထားပြီး ခေါက်ချိုးလို့မရတဲ့အတွက် ထုပ်ပိုးသယ်ဆောင်ရာမှာ ခက်ခဲပါတယ်။ဒါ့ကြောင့် ခေါက်ချိုးလို့ ရပြီး သယ်ဆောင်ရလွယ်တဲ့ တရုတ်မီးပုံတွေ ဈေးကွက်ထဲ ၀င်လာပြီးနောက် နယ်မြို့တွေက မြန်မာ့မီးပုံးတွေကို မှာယူတာ ရှိသလောက် ကျဆင်းသွားခဲ့ရပါတယ်။ မီးပုံးလုပ်သူတဦးက “အရင်ကဆို ကျနော်တယောက်တည်း လေယာဉ်မီးပုံ အစီး ငါးထောင် ခြောက်ထောင်လုပ်တယ်။ အခုနယ်ပို့တာ အစီး သုံးရာ့ငါးဆယ်ပဲပို့နိုင်တယ်။ ဈေးကလည်း အရမ်းမြင့်သွားတယ်။ အခုဆို တော်တော်များများထဲမှာ ကျနော် တယောက်ပဲ ကျန်တော့တယ်။ ကျနော်ဆိုရင် အနှစ်သုံးဆယ်ရှိပြီ။ ဒါကို လုပ်တာ။ တနှစ်မှမပျက်သေးဘူး။ ကွာလတီတွေကလည်း တရုတ်ကို ဘယ်လိုမှမလိုက်နိုင်ဘူး” လို့ ပြောပါတယ်။ ရန်ကုန်မီးပုံးဈေးကွက်မှာတော့ လှပပြီး ခိုင်ခန့်တဲ့ တရုတ်မီးပုံးတွေကို အဓိကထား ရောင်းလာတာ သုံးလေးနှစ်ရှိနေပြီး။ နယ်ကလည်း အသွင်ပိုဆန်း လှပတဲ့ တရုတ်မီးပုံးကိုပဲ အဓိကအဝယ်လိုက်လာပါတယ်။ ဈေးကွက်မှာ ရောင်းအားကျသွားတာကြောင့် ရိုးရာမီးပုံးတွေ လုပ်တဲ့သူ နည်းသွားပါတယ်။ မီးပုံးလုပ်တဲ့ ပညာရှင် ဦးထွန်းရှိန်က “လုပ်တဲ့သူနည်းသွားတာက နိုင်ငံခြားက ပစ္စည်း တွေဝင်လာကြတာကိုး။ နိုင်ငံခြားပစ္စည်းကို စိတ်ဝင်စားလာကြပြီ။ ဘယ်အရင်ကဆိုရင် နယ်တွေကို သိန်းနဲ့ချီပို့ရတာ။ ဈေးကွက်မယှဉ်နိုင်ဘူးဆိုတာက  ဒီမှာက သိတဲ့အတိုင်း မြန်မာ့နည်း မြန်မာ့ဟန်နဲ့ စက္ကူနဲ့ပဲ လုပ်ကြတာ။ နိုင်ငံခြားကျတော့ ပလတ်စတစ်နဲ့လာတာကိုး။ ပလတ်စတစ်နဲ့ အရုပ်တွေက လာကြတော့ အဲဒါကို ဦးစားပေးသုံးတယ်။ အခုခါက ကလေးတွေက ဘာပိုမက်လာလဲဆိုတော့ တရုတ်မီးပုံးလေးတွေကို အာရုံပိုကျလာတယ်။ မနှစ်ကဆိုရင် Angry Bird ပုံလေးတွေ ဒီဇိုင်းလေးတွေပေါ့။” တရုတ်မီးပုံးရဲ့ ဆန်းပြားတဲ့ ဒီဇိုင်းက ဖောက်သည်ကို ပိုပြီးဆွဲဆောင်နိုင်သလို ဈေးကြီးပေမယ့် လှပသပ်ရပ်ပြီး ရေရှည်အသုံးပြုနိုင်တာကြောင့် ရေရှည်မှာမြန်မာ့ ရိုးရာမီးပုံးလေးတွေ ပျောက်ကွယ်သွားမှာကို မြန်မာ့ရိုးရာ မီးပုံးပြုလုပ်တဲ့ ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024