အကျဉ်းသား ထောင်ပြောင်းမှု အစိုးရ ပွင့်လင်းမှုမရှိ
DVB
·
September 27, 2013
ကော့သောင်းအကျဉ်းသားတွေ ထောင်ပြောင်းတဲ့ကိစ္စကို အစိုးရအနေနဲ့ အများပြည်သူသိရှိအောင် တရားဝင်သတင်း ထုတ်ပြန်ပေးသင့်တယ်လို့ အကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင်တွေနဲ့ အကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။
ထောင်းတွင်းဆူပူမှုတွေဖြစ်ပွားပြီး ကော့သောင်းထောင်ကနေ အကျဉ်းသား ၁၇၀ ကို စက်တင်ဘာ ၁၈ ရက်နေ့က ပြည်ဖြိုးထွန်းသင်္ဘောဆိပ်ကနေ ခေါ်ဆောင်သွားအပြီး ၉ ရက်အကြာမှ မော်လမြိုင်အကျဉ်းထောင်မှာ ရောက်နေတဲ့အကြောင်း အကျဉ်းသားမိသားစုဝင်တွေနဲ့ ဒေသခံတွေက သိကြရတဲ့အတွက် အခုလို ပြောဆိုလိုက်တာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အကျဉ်းသားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကော့သောင်းမြို့ခံ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မူဝါဒရေးရာ တာဝန်ခံဦးမင်းလွင်က အခုလို ပြောပါတယ်။
“အခွင့်အရေး မဆန်ဘူးပေါ့။ အကျဉ်းသားဆိုလည်း ပြစ်ဒဏ်ပြီးရင် အကျဉ်းသား အခွင့် အရေး ရှိရမယ်လေ။ အစိုးရတရပ်သွားပြီဆိုရင် အရွေ့တခုအပေါ်မှာ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲရေးဆိုရင်လည်း တရားမျှတတာတို့၊ တန်းတူအခွင့်အရေးရတာတို့၊ လူထု အတွက်ကော၊ အကျဉ်းသားအတွက်ကော မခံစားရသေးဘူးလို့ ပြောရမှာပေါ့။”
အကျဉ်းသားတွေကို သယ်ဆောင်သွားတဲ့ တော်ဝင်သဘောင်္က ကျွန်းတကျွန်းမှာ ရာသီဥတုကြောင့် ရက်အနည်းငယ် သောင်တင်နေခဲ့တာဖြစ်ပြီး မုပွန်ရေတပ်စခန်းကနေ မော်လမြိုင်အကျဉ်းထောင်ကို စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၁၀ နာရီမှာ ရောက်ခဲ့တာလို့ အကျဉ်းသား မိသားစုဝင်တချို့ဆီကနေ သိရပါတယ်။
အကျဉ်းသား မိသားဝင် အမျိုးသမီးတဦးက “စိတ်ခံစားချက်ကတော့ ဒီလူဟာ ဆန္ဒပြတာလား၊ ထောက်ဖောက်ဖို့ ကြိုးစားတာလား။ ဘာအကြောင်းအရင်းပဲဖြစ်ဖြစ် အဲဒီအကြောင်းပြချက်မခိုင်လုံပဲ ဒီလူတွေကို ပို့တာ။ အခု အချုပ်သား ထောင်ပြောင်းရတဲ့သူတွေသည် ထောင်ဖောက်တွေလဲ မဟုတ်ဘူး။ ပြန်ပြီး ခုခံတဲ့ သူတွေလည်း မဟုတ်ဘူး။ ထောင်ပိုင်ကသာ ပစ်တာ။ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။”
လတ်တလော မော်လမြိုင်အကျဉ်းထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို သူတို့ရဲ့ မိသားစုတွေနဲ့ တွေ့ခွင့်မပေးသေးပဲ လာမယ့်အောက်တိုဘာ ၁ ရက်မှ တွေ့ခွင့်ပေးမယ်လို့ သိရပါတယ်။
ကော့သောင်းထောင်က အကျဉ်းသားတွေ မော်လမြိုင်ထောင်မှာ ရောက်နေတဲ့သတင်းကို သက်ဆိုင်ရာအစိုးရဌာနက သတင်းထုတ်ပြန်ခြင်းမရှိသလို မော်လမြိုင်အကျဉ်းထောင်၊ ကော့သောင်းအကျဉ်းထောင်နဲ့ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးတို့ကို ဖုန်းဆက်သွယ် မေးမြန်းပေမယ့် မရခဲ့ပါဘူး။
အကျဉ်းသားတွေကို မော်လမြိုင်က အကျဉ်းထောင်နဲ့ ရဲဘက်စခန်း ၂ ခုလောက်မှာ ခွဲထားမယ်လို့ သတင်းတွေ ထွက်နေပြီး မြန်မာနိုင်ငံ လူ့အခွင့်ရေးရာကော်မရှင်က အကျဉ်းသားတွေနဲ့ တွေ့ခွင့်တောင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ကော့သောင်းမြို့နယ်ရှိ ၉ မိုင် အကျဉ်းထောင်မှာ အကျဉ်းသား ၂ ဦး ခိုက်ရန်ဖြစ်ပွားရာကနေ ထောင်တွင်း ဆူပူဖျက်ဆီးမှုတွေ၊ မီးရှို့မှုတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ လူ ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရသွားတယ်လို့ နိုင်ငံပိုင်သတင်းစာတွေက သတင်းထုတ်ပြန်ထားပါတယ်။